စိမ့်စမ်းရည် ဘုန်းကြီးကျောင်းကို ဓမ္မစက်နှင့် မရသဖြင့် အာဏာစက်ဖြင့် ဖယ်ရှားဟုဆို

ပို့စ်တင်ချိန် - 5/26/2014 06:10:00 PM




မန္တလေး၊ မေ ၂၅

အင်တာနက် စာမျက်နှာများနှင့် သတင်းစာ မျက်နှာများတွင် ယခုသတင်းပတ်အတွင်း ရေးသားဖော်ပြမှု အများဆုံး ဖြစ်သည့် ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာ စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ရဲတပ်ဖွဲ့အင်အား အသုံးပြုပြီး ဖယ်ရှားခဲ့သည် ဆိုခြင်းမှာ မမှန်ကန်ဘဲ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားလွှာများကို အခြေခံပြီး သံဃာ့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဓမ္မစက်နှင့် မရသဖြင့် အာဏာစက် အကူအညီရယူကာ နှင်ထုတ် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယက ဆရာတော် ဦးဇဋိလက မိန့်ကြားသည်။

မေလ ၂၅ ရက်နေ့တွင် မဟာအောင်မြေ မြို့နယ်ရှိ ၈၈ လက်ဖက်ရည်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

“ဘုန်းကြီးတို့က သူတစ်ပါး ကျောင်းထဲမှာ ကျူးကျော် ဝင်ရောက်နေတာကို ဖယ်ရှားပေးဖို့ တိုင်းသံဃနာယက၊ မြို့နယ် သံဃနာယက အဖွဲ့တွေက စာထုတ်ပြီး လာရောက် ညှိနှိုင်းဖို့ သုံးကြိမ်တိုင်တိုင် ဖိတ်ခေါ်ပါတယ်။ နောက်ဆုံး မလာတဲ့အတွက် အာဏာပိုင် အဖွဲ့အစည်း အသီးသီးရဲ့ အင်အားကိုရယူပြီး ကျောင်းတိုက်ကနေ ထွက်ခွာဖို့ လုပ်ရတာပါ။ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြနေသလို ရဲအင်အားသုံးပြီး အဓမ္မနှင်ထုတ်တာ မဟုတ်ပါဘူး” ဟု ဆရာတော်က မိန့်ဆိုသည်။

စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် မူရင်းကျောင်းမှာ နွားလပို့တောင်တွင်ရှိပြီး အဆိုပါကျောင်းမှ မြို့တွင် ကျောင်းတက်နေသည့် ကလေးများ အဆင်ပြေရေးအတွက် နိဂြောဓာရုံ ကျောင်းတိုက် ဆရာတော်က ယင်းကျောင်းအတွင်းရှိ မြေကွက်လပ်တစ်ခုကို ကလေးများ လွယ်ကူစွာ ကျောင်းတက်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် ခေတ္တနေထိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ကျောင်းတက် ကလေးငယ်များကို အကြောင်းပြပြီး ကျောင်းဝင်းအတွင်း အဆောင် ၄ ဆောင် တိုးချဲ့ ဆောက်လုပ်ခြင်းအပြင် နိဂြောဓာရုံ ကျောင်းတိုက်၏ အမည်ကို အသုံးပြုပြီး စိမ့်စမ်းရည်ကျောင်းသည် နိဂြောဓာရုံကျောင်း၏ တစ်စိတ်တစ်ပိုင်း အဖြစ်ပါ ကြေညာလာခြင်းများ ရှိသည့်အတွက် နိဂြောဓာရုံ ဆရာတော်က မြို့နယ် သံဃနာယကအဖွဲ့ထံ တင်ပြတိုင်ကြားခဲ့ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

“အဲဒီနေ့တုန်းက ဘုန်းကြီးတို့လည်း ပါပါတယ်။ ရဲတွေက သူ့ဘာသာ သူရပ်နေတာပါ။ ကလေးတွေကလည်း ၁၀၀ ဝန်းကျင် မရှိပါဘူး။ ကိုရင် ၁၇ ပါး၊ ရဟန်း ၂ ပါး၊ သီလရှင် ၂၃ ပါးသာ ရှိပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် ဦးဥတ္တမက မိန့်ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍ လူလိမ်များ၏ စကားကို မယုံကြည်ရန်နှင့် ကိုယ်တိုင် လာကြည့်ပါဟု ဖယ်ရှားခံရသော စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းဆရာတော် ဦးဥတ္တမက မိန့်ကြားသည်။

မြို့နယ် သံဃနာယကအဖွဲ့ အနေနှင့် ကလေးငယ်များကို သက်ဆိုင်ရာ ဘကကျောင်းများ၌ အပ်နှံပေးမည် ဖြစ်သော်လည်း စိမ့်စမ်းရည် ဆရာတော်က လက်မခံဘဲ ငြင်းဆန်ကြောင်း၊ ယခုကဲ့သို့ လူမြင်ကွင်းတွင် ဘာသာသာသနာ ညှိုးနွမ်းအောင် ပြုမူနေထိုင်နေမှုအတွက် ကလေးများနှင့် စိမ့်စမ်းရည် ဆရာတော်ကို ၎င်းတို့၏ မူရင်းကျောင်းဖြစ်သော နွားလပို့ရွာရှိ စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြန်လည် နေထိုင်ရန်အတွက် သံဃနာယက အစည်းအဝေး တစ်ရပ်ပြုလုပ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဦးဝေပုလ္လက The Voice သို့ မိန့်ကြားသည်။

The Voice Weekly