ဂေါက်ရောဂါ ဘာကြောင့်ဖြစ်

ပို့စ်တင်ချိန် - 5/02/2014 02:14:00 PM


ဂေါက်ရောဂါဆိုတာ မွေးရာပါ ရောဂါမျိုးမဟုတ်ဘဲ၊ အနေအစားမမှန်ကန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ သုံးစွဲနေသော ပဋိဇီဝဆေးအချို့၏ ဘေးထွက်ဆိုးကျိုးများ စသည်တို့ကြောင့်ခန္ဓာကိုယ်တွင်း ဓာတုပြုမှုတို့ မူမမှန်တော့ဘဲ၊ ယူရစ်အက်ဆစ်များ မြင့်တက်လာပါတော့တယ်။ ထိုယူရစ်အက်ဆစ်များဟာ အထူးသဖြင့် လက်ချောင်းများ၊ ခြေမအဆစ်၊ဒူးခေါင်း၊တံတောင်ဆစ်များတွင် အနည်ကျကျောက်တည်ကာ မခံမရပ်နိုင်အောင် နာကျင် ရောင်ကိုင်းပြီး ဂေါက်ရောဂါဖြစ်လာရပါတယ်။

အမျိုးသားအသက် ၄၀ ကျော်တွင် ဂေါက်ရောဂါအဖြစ်များလေ့ရှိပြီး၊ သွေးဆုံးကိုင်ပြီးအမျိုးသမီးများလည်း ဖြစ်တတ်ပါတယ်။ ဖိဖိစီးစီး မကုသနိုင်ပါကကျောက်ကပ် ကျောက်တည်ခြင်းပါဖြစ်လာနိုင်ပါတယ်။
ရောဂါလက္ခဏာများ -

ညဥ့်နက်သန်းခေါင်၊ သို့မဟုတ်မိုးသောက်ယံအချိန်တို့တွင် နှစ်ခြိုက်စွာအိပ်ပျော်နေစဉ် အရိုး၊ အဆစ်များ တဆစ်ဆစ်နာကျင် ကိုက်ခဲပြီး ရုတ်တရက် အိပ်ရာမှ လန့်နိုးလာခြင်း၊ခြေချောင်း၊ လက်ချောင်း၊ ခါး၊ ခြေဖနောင့်၊ ခြေချင်းဝတ်နှင့် ဒူးခေါင်းများ တဆစ်ဆစ်နာကျင်ကိုက်ခဲရောင်ကိုင်းပြီး အဖျားတက်လာခြင်း။

အဆစ်အမြစ်များ သူ့ အလိုလိုနီရဲ၍ ခံရခက်အောင် ယားယံထူပူလာလိုက် ခဏကြာ ပျောက်သွားလိုက် နောက်ထပ် ပြန်ဖြစ်လိုက်ပျောက်သွားလိုက် စသည်ဖြင့် တစ်နာရီကြားတစ်ခါ ခံစားနေရခြင်း။

အရိုးအဆစ်များကို အိပ်ယာခင်း၊ဖျာတို့နဲ့တောင် ပွတ်တိုက်အထိမခံနိုင်ဘဲအလွန်အမင်း နာကျင်ခြင်းတို့ဖြစ်ပါ တယ်။
ရှောင်ရန် -
(၁) ပူးရင်းဓာတ် ပါရှိသောအစားအစာများက ခန္ဓာကိုယ်ထဲရောက်သွား သောအခါ ယူရစ်အက်ဆစ်ပမာဏ ၅၀ ရာခိုင်နှုန်းထိ ထုတ်လွှတ်လေ့ရှိပြီး၊ ဂေါက်ရောဂါအခြေအနေကို ပိုမိုဆိုးရွားလာ စေပါတယ်။

ပူးရင်း ဓာတ်ပမာဏ အမြောက်အများပါရှိသော အနီရောင်အသားများ၊ကြက်၊ ဝက်၊ ဆိတ်၊ အမဲကလီစာများ (အသည်း၊ ကျောက်ကပ်၊ နှလုံးများ)၊အကြေးခွံပါသောငါးများ၊ ကဖိန်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက် ရည်များ၊ သကြားများ၊ ဆီအဟောင်းကိုထပ်ခါတလဲလဲသုံး၍ ကြော်ထားသော အစားအစာများ၊ ခရမ်းချဉ်သီးအစေ့များ၊ ပဲပင်ပေါက်၊ အာလူး၊ ပဲမြစ်၊ပိန်းဥ စသည့် အမြစ်တွယ်အပင်ပေါက်သော သစ်ဥသစ်ဖု များ၊ ကဇော်ဖောက် ထားသော အစားအစာများ၊အရက်၊ ဘီယာများ၊ ဖရူးတို့ဓာတ်ဖြင့် ပြုပြင်ထားသော အချိုရည်များစသည်တို့ကို ရှောင်ပါ။

(၂) အက်စပရင် ဆေးဝါးများက ယူရစ်အက်ဆစ်ပမာဏကို တိုးပွားလာကာ၊ အထူးသဖြင့် ခြေချောင်း၊ လက်ချောင်းအဆစ်များတွင် အနည်ကျကျောက်တည်စေပါတယ်။

(၃) ဆီးရွှင်ဆေး အချို့ကဂေါက်ရောဂါနှင့် ပတ်သက်၍ ဘေးထွက်ဆိုးကျိုးဖြစ်စေ၍ ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပြီး လိုအပ်မှသာဆီးရွှင်ဆေးမှီဝဲပါ။

သွေးဆုံးခါနီးနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အက်စထရိုဂျင်ဟိုမုန်းပြောင်းလဲမှုတို့ကြောင့် ဂေါက်ရောဂါဖြစ် နိုင်ချေ အလားအလာ ရှိစေပါတယ်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် အမှတ်စဉ်(၁)တွင် အကြံပြုထားသော အစားအစာများကိုရှောင်ပါ။

ချယ်ရီသီးနှင့် ဗီတာမင်စီပါသောလတ်ဆတ်သည့် အော်ဂဲနစ်သီးများစားပေးပါ။

ခုန်ပေါက်ပြေးလွှားခြင်း၊ အရိုးအဆစ်များကို အားစိုက်လုပ်ရသည့်အလုပ်များ၊ ခါးလှည့်ချိုးခြင်း၊ သေးကျပ်သောဖိနပ်များစီးခြင်း စသည်ဖြင့် အရိုးအဆစ်နာကျင်စေမည့် အပြုအမူများကိုရှောင်ပါ။

ကိုယ်လက်လှုပ်ရှားမှု (လုံးဝ)မရှိခြင်းက ဂေါက်ရောဂါကို ပိုမိုဆိုးရွားစေ၍ သင့်တင့်မျှတပြီး မိမိလုပ်နိုင် သလောက် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုပြုပေးပါ။

ဂေါက်ရောဂါ ဝေဒနာသည် ၂၀ရာခိုင်နှုန်းကို လေ့လာကြည့်သောအခါ၊ မျိုးရိုးလိုက်စေတတ်၍ သတိနှင့် ဆင်ခြင် နေထိုင်ပါ။

အိမ်တွင်းကုထုံး -
ဂေါက်ရောဂါ အမြစ်ပြတ်ပျောက်ဖို့ရာ မလွယ်ကူလှပါဘူး။

ဒါ့ပြင်ဂေါက်ရောဂါပျောက် ပဋိဇီဝဆေးအချို့ကလည်း ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်လို့ နာကျင်မှုလျော့ပါးသက်သာစေရန်အတွက်သဘာဝအိမ်တွင်းကုထုံးများဖြင့် ထိန်းထားနိုင်ပါတယ်။

ရောဂါတက်နေတဲ့အချိန် -
အရိုးအဆစ် အားပြုရတဲ့ အလုပ်တွေမလုပ်ဘဲ အိမ်မှာ အနားယူပါ။ကိုက်ခဲနာကျင်သည့် ခြေထောက်၊သို့မဟုတ် လက်တို့ကို နူးညံ့သည့်ခေါင်းအုံးပေါ်တင်၍ ငြိမ်ငြိမ်လေးနေခြင်းက နာကျင်မှုဝေဒနာများ သက်သာ စေပါတယ်။

ရေခဲအိတ်ဖြင့် မိနစ် ၂၀ ခန့် ကပ်ပေးခြင်းက နာကျင်ကိုက်ခဲမှုများ သိသိ သာသာ လျော့စေပါတယ်။ လိပ်ခေါင်းသွေးကျရောဂါ လိမ်းဆေး၊ ကရင်မ် ကလည်း ဂေါက်ရောဂါရောင်ကိုင်းနာကျင်မှုကို သက်သာစေလို့ လိမ်းပေးနိုင် ပါတယ်။သန်မာသော ကြွက်သားများကအရိုးပေါ် ပိမကျစေလို့ ဝန်ထုပ် ဝန်ပိုးမဖြစ်စေတော့ ဘဲ နာကျင်မှုလျော့ပါးစေ ပါတယ်။ ကြွက်သားသန်မာသောလေ့ကျင့်ခန်းများလုပ်ပေးပါ။

ဆားခါးကို ရေနွေးနဲ့ ဖျော်ပြီး၊ရေအေးလာသည်အထိ ရောင်ကိုင်းနေသော ခြေလက်များကို စိမ်ပေးခြင်းဖြင့် နာကျင်မှုများ ချက်ချင်းလက်ငင်း သက်သာလာစေပါမယ်။ခွက်ကြီးကြီးတစ်ခုထဲ ကျောက်မီးသွေးမှုန့်များထည့်၍ ရေလောင်းပါ။

ထိုကျောက်မီးသွေးမှုန့် ဖျော်ရည်ခွက်ထဲသို့ ခြေဆစ်လက်ဆစ်နာများ နှစ်စိမ်ခြင်းဖြင့် နာကျင်မှု သက်သာစေပါတယ်။ ခြေဆစ်လက်ဆစ်မဟုတ်ဘဲအခြား အရိုး၊ အဆစ်ရောင်သူများကတော့ ကျောက်မီးသွေးမှုန့် ကို ရေဖြင့်ပျစ်ပျစ်ဖျော်၍ ရလာသောအနှစ်ဖြင့်လိမ်းကျံပေးနိုင်ပါတယ်။

ဂျင်းထောင်း၍ အုံပေးခြင်းက ချွေးပုပ်များ ထွက်လာကာ ဝေဒနာဖိစီးခြင်းကို ပေါ့ပါးသွားစေပါတယ်။ဂျုံမှုန့်ကို မုန်ညင်းဆီဖြင့် ရောလူးပေးခြင်းဖြင့် ထူးခြားတဲ့ အာနိသင်ရရှိစေမှာပါ။မုန့်ဖုတ်ဆော်ဒါမှုန့်ကို ရေဖျော်၍ နေ့စဉ်ရက်ဆက် လိမ်းပေးခြင်းဖြင့်ရောင်တင်း နာကျင်မှုများ သက်သာစေပါတယ်။
ဓာတ်စာများ-
ရေသောက်ခြင်းက ခန္ဓာကိုယ်ထဲရှိယူရစ်အက်ဆစ်ပမာဏကိုမျှတစေတဲ့အတွက်၊ တစ်နေ့လျှင် ရေ ရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်ပေးပါ။ချယ်ရီသီးထဲရှိ အာဟာရဓာတ်များဟာ ယူရစ်အက်ဆစ်ပမာဏကိုသိသိသာသာ လျော့ကျစေတဲ့အတွက်
အမေရိကန်နိုင်ငံတွင် ရှေးယခင်ကာလများကတည်းက ဂေါက်ရောဂါဓာတ်စာအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ ရောဂါတက်နေချိန်မှာ ချယ်ရီသီး တစ်နေ့ အလုံး၂၀ စားပေးပြီး၊ ရောဂါသက် သာသွားသောအခါ တစ်နေ့လျှင် ၁၀ လုံးမျှ ဆက်လက်စားပေးခြင်းဖြင့် ဂေါက်ရောဂါ လုံးဝပျောက်တယ်လို့ ဆိုပါတယ်။
ဘိုစားပဲသီးကို အစိမ်းလိုက်ဝါးစားခြင်း၊ သို့မဟုတ် ဘိုစားပဲသီး ဖျော်ရည်တစ်နေ့ ၁၅၀ မီလီလီတာ သောက်ပေး
ခြင်းဖြင့် အကျိုးထူးခံစားရပါမည်။ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်၊ နေ့လယ်၊ ည ထမင်းစားပြီးတိုင်း ပန်းသီးတစ်လုံးစီစားပါ။

သိုမဟုတ် ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်ဖြင့် ဆတူရောဖျော်သောက်ပါ။ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေချိန်မှာ တစ်နေ့လျှင် ဌက်ပျောသီး တစ်လုံးကျစီဖြင့် လေးရက် ဆက်တိုက်စားပေးပါ။

ရှောက်သီးနှင့် သံပရိုသီးထဲရှိ ဗီတာမင်စီဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက၊ ယူရစ် အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ရှောက်ရည်၊ သို့မဟုတ် သံပရိုသီးဖျော်ရည်သောက်ပါ။

(သကြားနှင့် ဆားလုံးဝမထည့်ပါနှင့်)

Ibuprofen (ခေါ်) နာကျင်မှုနှင့်ရောင်တင်းမှုများကို ပျောက်ကင်းစေသည့် ဆေးဝါးမှီဝဲ ပါ။ယူရစ်အက်ဆစ်ကို မျှတစေသောစတော်ဘယ်ရီသီး၊ ရှားရှားပါးပါးမြသာနူငေည ဓာတ်ပါရှိသော နာနတ်သီး၊ ဗီတာမင်စီကြွယ် ၀သော ဂေါ်ဖီထုပ်၊ အနီရောင် ပန်းငရုတ်သီးပွ၊လိမ္မော်သီး၊ ပန်းလိမ္မော်များ၊ တရုတ်
နံနံပင်၊ မုန်လာဥနီ၊ သခွားသီး၊ ဆလတ်ရွက်တို့ များများစားပါ။သင်္ဘောသီးအစိမ်းကို အတုံးလေးတွေတုံးကာ ပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

ကိုးကား
Theodore Vanitallie, MD, professor
emeritus of medicine at
Columbia University College of
Physicians and Surgeons in New
York.

MOI Webportal Myanmar