ဖြိုဖျက်ဆဲ တိုက်နေရာ ပြိုကျ၍ လုပ်သား ၃ဦး သေဆုံးမှုကြောင့် လိုင်စင်ရ အင်ဂျင်နီယာကို လိုင်စင်ပိတ်သိမ်း အရေးယူမည်

ပို့စ်တင်ချိန် - 5/02/2014 06:05:00 AM


အလုံမြို့နယ်တွင် ဧပြီ ၂၆ရက် ဌာနရပ်ကွက်၊ အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ တိုက်ဟောင်းဖြိုဖျက်ရာ တိုက်နေကာ ဖြိုကျစဉ် လုပ်သား ၃ ဦး သေဆုံးမှုကြောင့် အင်ဂျင်နီယာ ဦးထွန်းထွန်းဝင်းကို လိုင်စင်ပိတ်သိမ်း အရေးယူမည်ဟု ရန်ကုန်မြို့တော် စည်ပင်မှ အင်ဂျင်နီယာဌာန အဆောက်အအုံ ဒုဌာနမှူး ဦးဇော်ဝင်းက ဧပြီ ၂၈ ရက်နေ့၌ မြန်မာသံတော်ဆင့်သို့ ပြောသည်။

““မြေရှင်က အဆောက်အအုံ ဖျက်သိမ်းတော့မယ်ဆိုရင် လိုင်စင်ရ အင်ဂျင်နီယာ အမည်စာရင်းကို တင်ပေး ရတယ်။ အဆောက်အအုံ ဖျက်သိမ်းတဲ့အခါ စည်းကမ်းချက်တွေ ပါလာတယ်။ အဆောက်အအုံ ဖျက်သိမ်းသည့် နေ့မှစ၍ ပြီးဆုံးသည်အထိ သူကကြီးကြပ်ရမှာ။ အခုအဖြစ်စဉ်က တိုက်ဖျက်စဉ် အင်ဂျင်နီယာမပါတော့ နည်း စနစ် မကျတာကြောင့် မလိုအပ်ဘဲ လုပ်သားတွေ အသက်ဆုံးရှုံးရတယ်။ အဲဒါကြောင့် ကော်မတီက ထိုဖြစ်စဉ်နဲ့ လိုင်စင်ရ အင်ဂျင်နီယာကို အကန့်အသတ်နဲ့ လိုင်စင်ပိတ်သိမ်းမည် သို့မဟုတ် ရာသက်ပန် ပိတ်သိမ်းမှာပါ””ဟု ပြောသည်။

အလုံမြို့နယ်တိုက်အဟောင်း ဖြိုဖျက်ရာတွင် လုပ်ငန်းခွင်အတွင်း လုပ်သား ၃ဦး သေဆုံးခဲ့ခြင်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူများမှာ ဒဂုံမြို့နယ် နေချစ်စမ်းမောင်(၂၆)နှစ်၊ တရုတ်ကြီး(ခ)သက်နိုင်ဖြိုး(၁၉)နှစ်၊ ကျော်ဇင်ထွေး(ခ) အောင်လေး(၂၃)နှစ်တို့ ဖြစ်သည်။အဆိုပါဖြစ်စဉ်တွင် လုပ်သား (၃)ဦး သေဆုံး၍(၃)ဦး ဒဏ်ရာရသွားခဲ့ကြ သည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ လုပ်သားများကို သက်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ရန်ကုန်မြို့တော် အင်ဂျင်နီယာဌာန အဆောက်အအုံတို့မှ အသက်ကယ် အင်္ကျီများ ၀တ်ဆင်၍ လုပ်ငန်းခွင် ၀င်ရောက်ခြင်းအပေါ် ကြီးကြပ်မှု အားနည်းခြင်းကြောင့် မလိုအပ်ဘဲ လုပ်သားများ အသက်ဆုံးရှုံး နေရခြင်းနှင့် စပ်လျဉ်း၍ ““ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်သားတွေ အသက်ကယ်အင်္ကျီ ၀တ်ဆင်ထားတာ မတွေ့ရဘူး။ ဒီက ရန်ကုန်မြို့တော် စည်ပင်က ကြီးကြပ်မှု အားနည်းလို့ပါ။ စည်းကမ်းနဲ့အညီ မလိုက်နာတဲ့ အင်ဂျင်နီယာကိုလည်းအရေးယူသင့်တယ်”” ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

သာကေတမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်သူ တစ်ဦးက ““ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဝင်တဲ့အခါ အသက်ကယ်အင်္ကျီဆိုတာ ဘာမှန်းမသိဘူး။ ၀တ်ဖို့ ဘယ်သူမှလည်း ထုတ်မပေးဘူး။ နေ့စဉ်အလုပ်ထဲ ရောက်ရင်တော့ အ၀တ်အကြမ်းထည်လေး ၀တ်ပြီး လုပ်ငန်းခွင် ၀င်လိုက် တယ်”” ဟု ပြောသည်။

ဆောက်လုပ်ရေး လုပ်သားများ၏ တစ်နေ့လုပ်အားခသည် ၄၅၀၀ ကျပ်မှ ၇၅၀၀ ကျပ်ထိ ရရှိလျက်ရှိသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင်လည်း တာမွေမြို့နယ်၊ ကျောက်မြောင်း အထက်ရပ်ကွက် ကျောက်မြောင်းလမ်းရှိ နှစ်ထပ်တိုက် ဖြိုနေစဉ် အ၀င်အထွက်ပေါက် ပြိုကျ၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ကျော်စိုးဦး
မြန်မာသံတော်ဆင့်