လူထုဟောပြောပွဲ နိုင်/ကျဉ်းဟောင်း များ ထောင်ဝတ်စုံနဲ့ တက်ရောက်မည်

ပို့စ်တင်ချိန် - 5/14/2014 07:49:00 AM



လာမယ့် မေလ ၁၇ ရက်နေ့ ရန်ကုန်မြို့ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ထောင်ဝတ်စုံ အပြာရောင် တူညီဝတ်ဆင်ပြီး တက်ရောက်မယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဒီကနေ့ ပြောပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်ကို ဂုဏ်ပြုလိုတာရယ်၊ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ တောင်းဆို လိုတာကြောင့် ထောင်ဝတ်စုံ တူညီဝတ်ဆင်ပြီး ချီတက် ကြမှာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးထွန်းကြည်က အခုလို ပြောပါတယ်။

“ဘဘဦးဝင်းတင်ကို ဂုဏ်ပြုချင်တာရယ် ထောင်ဝတ်စုံ သည် အပြာဖြစ်တယ်၊ နိုင်ငံရေး အကျဉ်းသားတွေဟာ ဒီအပြာနဲ့ ဖြတ်သန်းခဲ့ရတာလေ၊ အဲဒီသင်္ကေတတွေ ထင်ဟပ်ပ်ါလွင်စေရအောင် အင်နဲ့အားနဲ့ ချီတက်မယ်၊ ဖွဲ့စည်းပုံ အကျပ်အတည်းမှာမှ အခြားပုဒ်မတွေ ပြင်ဖို့ဆို တဲ့နေရာမှာ ပုဒ်မ ၄၃၆ က ကန့်လန့်တိုက်နေတယ်၊ ၄၃၆ ပြင်နိုင်မှသာလျှင် ကျန်တာတွေအားလုံး အဆင်ပြေချောမွေ့မယ်လို့ ယုံကြည်တယ်”

မေလ ၁၇ ရက်နေ့ စနေနေ့မှာ ကျင်းပမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့က မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဒီပွဲဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပထမဆုံး ပူးတွဲကျင်းပတဲ့ လူထုဟောပြောပွဲလည်း ဖြစ်ပါတယ်။

အဲဒီပွဲကို တက်ရောက်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ ရန်ကုန်မြို့ တာမွေမြို့နယ် နိုင်/ကျဉ်းရုံး ကနေ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းဆီကို လမ်းလျှောက်ချီတက်ကြမှာ ဖြစ်ပါတယ်။

လာမယ့် မေလ ၁၈ ရက်နေ့ တနင်္ဂနွေနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အဖွဲ့တို့ ပူးတွဲပြီး မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကျင်းပဖို့ ရှိပါတယ်။

 RFA