တက္ကသိုလ်များချန်ပီယံလိဂ် ဒဂုံတက္ကသိုလ် အသင်းဗိုလ်စွဲ

ပို့စ်တင်ချိန် - 5/28/2014 05:49:00 PM


ဗိုလ်စွဲသွားသော ဒဂုံတက္ကသိုလ်အသင်း ဖလားရပြီးနောက် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ- အောင်အောင်)

တက္ကသိုလ်များချန်ပီယံ လိဂ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ စဉ်တွင် ဒဂုံတက္ကသိုလ်အသင်းက နည်းပညာတက္ကသိုလ်(သန်လျင်) အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရ ရှိပြီး ဗိုလ်စွဲသွားခဲ့သည်။

ဒဂုံတက္ကသိုလ်အသင်းသည် အကြိုဗိုလ်လုပွဲတွင် နည်းပညာ တက္ကသိုလ်(မကွေး) အသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ နည်းပညာတက္ကသိုလ် (သန်လျင်)နှင့်ဟင်္သာတတက္ကသိုလ်အသင်းတို့၏ အကြိုဗိုလ်လုပွဲတွင် နည်းပညာတက္ကသိုလ်က တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

ဗိုလ်လုပွဲတွင် ဒဂုံတက္ကသိုလ်အသင်းမှာ နည်းပညာတက္ကသိုလ် အသင်း(သန်လျင်)ကို ပိုမို ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းတွင် ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ နည်းပညာတက္ကသိုလ်အတွက် ချေပဂိုးကို ပွဲချိန် ၇၆ မိနစ်တွင်ဒဂုံနောက်တန်းကစားသမားက ရှင်းထုတ်ရာမှ ဂိုးဝင်သွားသောကြောင့် ချေပဂိုး ရရှိခဲ့သည်။ ထို့ကြောင့် ဒဂုံတက္ကသိုလ်အသင်းက ၂ -၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ချန်ပီယံဆု ဆွတ်ခူးသွားသော ဒဂုံအသင်းအား ဆုကြေးငွေ ကျပ်သိန်းငါးဆယ်နှင့် တစ်ပွဲချင်း အလိုက် ချီးမြှင့်ငွေ စုစုပေါင်း ကျပ်၅၆ သိန်းကျော် ရရှိမည်ဖြစ်ပြီး ဒုတိယရရှိသော နည်းပညာ တက္ကသိုလ်(သန်လျင်) အသင်းမှာ ဆုကြေးငွေကျပ် သိန်းနှစ်ဆယ်နှင့် တစ်ပွဲချင်းအလိုက် ဆုကြေးငွေများထပ်မံရရှိမည်ဖြစ်သောကြောင့် ဆုကြေးငွေ ကျပ် ၂၅ သိန်းကျော်ရရှိသည်။ တတိယရရှိသော ဟင်္သာတတက္ကသိုလ်အသင်းမှာ ဆုကြေးငွေ ၁၂ သိန်းကျော်နှင့် စတုတ္ထရရှိသော နည်းပညာတက္ကသိုလ်အသင်း (မကွေး)မှာ ကျပ်ခုနစ်သိန်းကျော် ရရှိမည်ဖြစ်သည်။

တတိယ နေရာလုပွဲတွင် ၂၀၁၃ ခုနှစ်က တတိယနေရာရရှိ ခဲ့သည့် နည်းပညာတက္ကသိုလ် (မကွေး)အသင်းသည် ဟင်္သာတ တက္ကသိုလ်အသင်းကို ၃-၂ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် စတုတ္ထ နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆုကို ချီးမြှင့်ရာတွင် တိုးလှိုင်စိုး နည်းပညာတက္ကသိုလ်(မကွေး) နှင့် သက်ပိုင်စိုးဟင်္သာတတက္က သိုလ်အသင်းတို့နှစ်ဦးသည် သွင်းဂိုးအရေအတွက် ၁၀ ဂိုးစီတူညီနေသည်။ ထို့ကြောင့်တိုးလှိုင်စိုးသည်တစ်ပွဲတည်း အများဆုံး ငါးလုံးသွင်းထားနိုင်ပြီး သက်ပိုင်စိုးက တစ်ပွဲတည်း အများဆုံးသုံးလုံးသွင်းထားနိုင်သူ ဖြစ်သောကြောင့် တိုးလှိုင်စိုးကို ချီးမြှင့်မည်ဖြစ်ပြီး ဆုကြေးငွေသုံးသိန်းကို အညီအမျှခွဲယူစေမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ထားသည်။

7 Day Daily