မိန်းမဖြစ်နေလို့

ပို့စ်တင်ချိန် - 5/09/2014 04:23:00 PM



တစ်နေ့တွင် မွန်တိုင်းရင်းသား ဗိုလ်မှူးဟောင်းတစ်ဦးနဲ့ ကျွန်တော်တို့ စကားလက်ဆုံကျခဲ့ကြတယ်။ ဖောက်ကလန်စစ်ပွဲအကြောင်း၊ အာရပ်-အစ္စရေး စစ်ပွဲတွေအကြောင်းတွေ အတော်စုံလင်အောင်ပြောဖြစ်ခဲ့ကြတယ်။ တပ်ကထွက်လာခဲ့ရတဲ့ ဗိုလ်မှူးဟောင်းဖြစ်လို့ ကျွန်တော်က မြန်မာ့နိုင်ငံရေးအကြောင်းကို ရှောင်တယ်။ ဒါပေမဲ့ သူက အဲဒီဘက်ကိုပဲ မကြာခဏ လှည့်သွားတယ်။

- ဗမာပြည်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်ဗျာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်းတွေကို အားလုံးသဘောကျတယ်။ ပညာအရည်အချင်း၊ နိုင်ငံရေးအရည်အချင်း၊ ကိုယ်ကျင့်တရား၊ အပြောအဆို၊ ဘာမှလိုလေ သေးမရှိပါဘူးဗျာ။ ဒါပေမဲ့ မိန်းမတစ်ယောက်ဖြစ်နေလို့။

x မိန်းမဖြစ်နေတော့ ဘာဖြစ်သလဲ။ တိုင်းပြည်ရဲ့ သမ္မတတို့ ၀န်ကြီးချုပ်တို့ဆိုတဲ့ ထိပ်တမ်းရာထူးကြီးတွေမှာ ခေါင်းမဆောင်နိုင်ဘူးလို့ ဆိုလိုတာလား။
- ဟုတ်ပါတယ် ဆရာ။

ထိုသူမှာ မွန်တိုင်းရင်းသားတစ်ဦးဖြစ်နေ၍ ကျွန်တော့် စိတ်ထဲမှာ ဘုရင်မကြီး 'ရှင်စောပု'အကြောင်းကို သတိရမိတော့တယ်။

x ခင်ဗျား ဗမာပြည်သမိုင်းမှာ ဘုရင်မကြီးရှင်စောပုဆိုတာ အုပ်ချုပ်ခဲ့ဖူးတယ်။ အဲဒီအကြောင်းများ ကြားဖူးသလား။

- ကြားတော့ကြားဖူးတယ်။ ကျွန်တော် သေသေချာချာတော့ မလေ့လာမိဘူးဆရာ။

x မှတ်ထား… ရှင်စောပုဆိုတာ မွန်ဘုရင် ရာဇာဓိရာဇ်ရဲ့ သမီးဗျ။ ရာဇာဓိရာဇ်တို့ခေတ်အခါက အထက်ဗမာပြည်နဲ့ အောက်ဗမာပြည် အပြန်ပြန် စစ်ခင်းကြတဲ့ခေတ်ကြီးပေါ့။ အထက်ဗမာပြည်က အင်းဝ မင်းခေါင်ကြီး၊ သားမင်းရဲကျော်စွာ၊ အောက်ဗမာပြည်က ရာဇာဓိရာဇ်တို့ စစ်ဖြစ်လိုက်ကြတာ နှစ်လေးဆယ်လောက် ကာလဟာ စစ်ပွဲကြီးတွေ ကာလဖြစ်တယ်။ စစ်ဖြစ်တော့ စစ်သူရဲကောင်းတွေ ပေါ်ကြ၊ သေကြနဲ့ စစ်ပွဲရဲ့ အနိဌာရုံတွေများလိုက်ကြတာ။ ဟံသာဝတီမှာ မင်းလုပ်အုပ်ချုပ်နိုင်မယ့် ယောကျာ်းမကျန်တော့ဘူး။ မြန်မာမင်းဆက်တွေရဲ့ သဘောက သားကသာထီးနန်း အရိုက်အရာကို အမွေခံရတယ်။ သမီးကထီး မွေးနန်းဆက်ခံတဲ့ အစဉ်အလာမရှိဘူး။ ဘယ်ယောကျာ်းမှ ထီးမွေနန်းမွေ ဆက်ခံမယ့်သူမရှိတဲ့အဖြစ်နဲ့ကြုံတော့ မင်းမျိုးမင်းနွယ်ထဲက ရှင်စောပုဟာ ဘုရင်မကြီးအဖြစ် အုပ်စိုးခွင့်ရလိုက်တာ ဖြစ်တယ်။
ဘုရင်မကြီးရှင်စောပုဟာ မြန်မာနိုင်ငံသမိုင်းမှာ တစ်ဦးတည်းသော ဘုရင်မကြီးဖြစ်ခဲ့တယ်။ မိန်းမဖြစ်ပေမယ့် ရှင်စောပုဟာ အရည်အချင်းရှိတယ်။ အုပ်ချုပ်ရေးကောင်းတယ်။ ဆင်စီးပြီး တိုင်းခန်းလှည့် လည်တယ်။ ရှင်စောပုလက်ထက်မှာ တိုင်းပြည်ငြိမ်းချမ်းပြီး စီးပွားရေးတိုးတက်အောင် မပြတ်မလပ်ကြိုးပမ်းအားထုတ်ခဲ့တယ်။ မင်းနေပြည် တော်မှာပဲ ဇိမ်ယစ်မနေဘူး။ လူပျိုတော်တစ်ဖက်ငါးရာနဲ့လည်း ပျော်ပါးမနေဘူး။

- ''ဟာ- ဆရာကလည်း မိဖုရားငါးရာပဲ ကြားဖူးပါတယ် ဆရာ။ ဘုရင်မကြီးက လူပျိုတော်တစ်ဖက်ငါးရာဆိုတာ မကြားဖူးပါဘူးဆရာ။ ဆရာကတော့ နောက်တော့မယ်။

x အေး- မြန်မာဘုရင်တွေကတော့ မိဖုရားတွေ ငါးရာလောက် နဲ့ ပျော်မြူးစည်းစိမ်ယစ်ခဲ့လို့ တိုင်းပြည်ပျက်ခဲ့ရတဲ့ အကြိမ်တွေ အများကြီးပဲလေ။ ခင်ဗျားက မိန်းမဖြစ်နေလို့ တိုင်းပြည်ခေါင်းဆောင် အကြီး အကဲရာထူးမရထိုက်တဲ့သဘောမျိုးပြောလာလို့ ဆရာက ထောက်ပြတာ ပါ။
ရှင်စောပု မိန်းမပဲလေ။ သူ့လက်ထက်မှာ အုပ်ချုပ်တတ်လို့ တိုင်း နိုင်ငံအေးချမ်းသာယာခဲ့တယ်။ စီးပွားရေးတိုးတက်ခဲ့တယ်။ စစ်ပွဲတွေ မရှိတော့လို့ ပြည်သူတွေ ငြိမ်းချမ်းစွာ ကိုယ့်အလုပ်ကို လုပ်ကိုင်နိုင်ခဲ့ကြတယ်။

- စီးပွားရေးတိုးတက်တော့ ဘာတွေဆက်ဖြစ်သေးသလဲ ဆရာ။

x စီးပွားရေးတိုးတက်တော့ တခြားကဏ္ဍတွေမှာလည်း တစ်ဆက်တည်းတိုးတက်တာပေါ့ဗျာ။ ပိသုကာပညာ၊ ပန်းချီ၊ ပန်းပု၊ အနုသုခုမ ပညာတွေဘက်မှာ တိုးတက်ခဲ့တာပေါ့ဗျာ။

- ဘယ်လိုအထောက်အထားတွေများ ပြောပြစရာကျန်ခဲ့သလဲ ဆရာ။

x အေး-ခင်ဗျားကို ကျုပ်ပြောပြမယ်။ ခင်ဗျား ရွှေတိဂုံစေတီ တော်ကြီးကိုတော့ရောက်ဖူးမှာပါ။ ရွှေတိဂုံနဲ့ပတ်သက်လို့ ဂဃဏန ဘာများသိဖူးသလဲ။

- ရွှေတိဂုံစေတီတော်ကြီးဟာ ကမ္ဘာ့အံ့ဖွယ်ထဲမှာစာရင်းဝင်တယ်ဆို တာပဲ ကြားဖူးပါတယ်ဆရာ။

x အဲဒီ ရွှေတိဂုံစေတီတော်ကြီးကို ဒီနေ့ ခင်ဗျားမြင်ရတဲ့အတိုင်း ဖြစ်အောင် ဘုရင်မကြီးရှင်စောပုလက်ထက်မှာ အမွှန်းတင်မြှင့်တင်ခဲ့တာ ဗျ။ ဘုရင်မကြီးလက်ထက် ပိသုကာပညာမှာ ထိပ်တန်းကျကြောင်း ပြခဲ့တာပဲ။ ဘာဖြစ်လို့ အံ့ဖွယ်စာရင်းထဲ ပါသလဲဆိုတာကော သိရဲ့ လား။ ရွှေတိဂုံစေတီတော်ကြီးရဲ့ စိန်ဖူးတော်ဟာ စေတီတော်ကြီး အောက်ခြေ ဧရိယာရဲ့ အလည်တည့်တည့်နဲ့ ထောင့်မှန်ကျသတဲ့ဗျာ။ ဘုရင်မကြီးလက်ထက်က ပိသုကာတွေဟာ ဂျီသြမေတြီပညာတောင် အတော်ကျွမ်းကျင်ခဲ့ပုံရသဗျ။

- ဆရာပြောသလိုဆို အတော့်ကို ဂုဏ်ယူစရာပဲနော်။

x အဲဒါပြောတာပေါ့။ သမိုင်းတစ်လျှောက်လုံး ယောကျာ်း မင်းတရားကြီးတွေ အုပ်ချုပ်လာခဲ့ကြတာ၊ သူတို့လက်ထက်တွေမှာ စစ်ပွဲတွေဖြစ်ခဲ့တာက များပါတယ်။ တောင်ညာစံ၊ မြောက်ညာစံ၊ တောင် နန်း၊ မြောက်နန်း၊ အလယ်နန်း မိဖုရားတွေ၊ ကိုယ်လုပ်တော်ဆိုတာတွေ၊ မိဖုရားမောင်းမမိဿံ ငါးရာကျော်တာတောင် အားမရဘူး။ ချောတာ တွေ့တိုင်း နှာဘူးချင်ကြတာတွေကသာ များခဲ့ပါတယ်ဗျာ။ စစ်ပွဲဖြစ်တော့ စီးပွားရေးပျက်၊ အားလုံးပျက်ကြရတာပေါ့။ လူတွေလည်း ငြိမ်းငြိမ်းချမ်းချမ်း မနေရတော့ စီးပွားတိုးတက်မှုမှာ အခြေခံပြီး တိုးတက် ရမယ့်ကဏ္ဍတွေမှာ အားလုံးဗလာနတ္ထိဖြစ်တာပေါ့ဗျာ။ အခု မိန်းမဘုရင် လက်ထက်မှာ တိုင်းပြည်လည်းငြိမ်းချမ်း၊ ပညာရပ်တွေလည်း တိုးတက်၊ ပြည်သူတွေလဲ ၀မ်းသာ၊ ဖရဏာပီတိ ဂွမ်းဆီထိဆိုတာမျိုးကို ခံစားခဲ့ ကြရတယ်။ ခင်ဗျားက မိန်းမဖြစ်နေလို့ဆိုတဲ့အချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံဘူးပြောလို့ မိန်းမဘုရင်မကြီး ရှားရှားပါးပါး တစ်ယောက်အကြောင်းကို နားလည်အောင် ကျွန်တော်ရှင်းပြတာပါ။

- သဘောပေါက်ပါပြီဆရာ။

x နောက်ပြီး ခင်ဗျားနဲ့ ကျွန်တော်နဲ့ ဆွေးနွေးကြတဲ့အထဲမှာ ပါတဲ့ ဖောက်ကလန်စစ်ပွဲအကြောင်း ဆက်ပြောရဦးမယ်။ အဲဒီစစ်ပွဲကြီးမှာ အင်္ဂလန်ဘက်က ခေါင်းဆောင်သူက မာဂရက်သက်ချာ၊ အာဂျင် တီးနားဘက်က ခေါင်းဆောင်သူက စစ်ဗိုလ်ချုပ်ကြီး၊ စစ်ခေါင်းဆောင်ကြီး၊ ယောကျာ်းရင့်မကြီး ဂယ်လ်တယ်ရီဖြစ်တယ်ဗျ။ တစ်နည်းပြောရရင် မိန်းမဒေါ်မာဂရက်သက်ချာက ယောကျာ်းကြီး ဂယ်လ်တယ်ရီကို နိုင်ခဲ့တာပေါ့။ မဟုတ်ဘူးလား။

အဲ-အရှေ့အလယ်ပိုင်း တတိယအကြိမ် အာရပ်-အစ္စရေးစစ်ပွဲ ကြီးမှာလည်း ဒီအတိုင်းပါပဲ။ အစ္စရေးလ်ဘက်က ၀န်ကြီးချုပ် ဒေါ်ဂိုလ်ဒါမေယာဖြစ်တယ်။ လူဦးရေနဲ့ပြောရရင် အစ္စရေးမှာ ငါးသန်းလောက်ပဲ ရှိတယ်။ အာရပ်တွေဆိုတာက အီဂျစ်တို့၊ ဂျော်ဒန်တို့ ဆီးရီးယားတို့၊ လက်ဘာနွန်တို့ဖြစ်ပြီး ပထ၀ီသဘောအရ အစ္စရေးကို ၀ိုင်းထားကြတယ်။ သူတို့က အားလုံးပေါင်း လူဦးရေ သန်း ၆၀ လောက်ရှိတယ်။ ခေါင်းဆောင်တွေကလည်း ယောကျာ်းတွေချည်းပါပဲ။ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ ဘုရင်တွေစုံနေတာပါပဲ။ အာရပ်ဘက်မှာ မိန်းမတစ်ယောက်တောင် မပါပါဘူး။ အစ္စရေးဘက်ကတော့ မိန်းမခေါင်းဆောင် ဒေါ်ဂိုလ်ဒါမေယာတစ်ယောက်တည်း။ မောင်မင်းကြီးသား ယောကျာ်းကြီးများ ဒေါ်ဂိုလ်ဒါမေယာကို ၀က်ဝက်ကွဲ ရှုံးခဲ့ကြပါတယ် ဗျာ။
ဒေါ်မာဂရက်သက်ချာအကြောင်းပြောစရာ ကျန်သေးတယ်။ ဒေါ်မာဂရက်သက်ချာဟာ သူမတိုင်မီကလေးက ၀န်ကြီးချုပ်တချို့ထက်တောင် သာလွန်ခဲ့တဲ့ မိန်းမတစ်ယောက်ဖြစ်တယ်ဗျ။ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ဌာနအကြီးအကဲတွေထဲမှာ ဖြီးတဲ့ဖြန်းတဲ့ပုဂ္ဂိုလ်တွေလည်း ပါလာတတ်ကြတယ်။ မာဂရက်သက်ချာဟာ ဒီလိုလူညာကြီးတွေကို ထွက်ပေါက်မရှိအောင် လိမ်လို့မရအောင် တင်းတင်းကျပ်ကျပ်ကိုင်တွယ် တတ်လို့ နာမည်ကျော်ကြားခဲ့တယ်။ နိုင်ငံရေးသိပ္ပံပညာမှာ Thatcherism သက်ချာဝါဒဆိုပြီး ဝေါဟာရသစ်တစ်ခုတွင် စေခဲ့တဲ့ အထိပါပဲဗျာ။ သက်ချာဝါဒဆိုတာ အုပ်ချုပ်ရေးအလုပ်မှာ အောက်ကလူ မလှုပ်နိုင်အောင် တင်းတင်းကျပ်ကျပ် ကျင့်သုံးတဲ့ဝါဒဖြစ်တယ်ဗျာ။ မိန်းမဖြစ်လို့ဆိုတဲ့ အတွေးအခေါ်ကို ချေဖျက်မယ့်ခိုင်မာတဲ့ သဘော တရားတွေပေါ့ဗျာ။

- ဟုတ်ကဲ့ ဆရာ ကျွန်တော်နားလည်ပါပြီ ဆရာ၊ ဆရာ့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

x နေဦးဗျ။ ပြောစရာ မကုန်သေးဘူး။ ရှင်စောပုဟာ မလွှဲသာ မရှောင်သာ အာဏာရလာပြီး ဘုရင်မကြီးဖြစ်ခဲ့တာတောင် အာဏာယစ်မူးခဲ့သူ မဟုတ်ဘူးဗျ။ ဒါလဲ မှတ်သားရမယ့်အချက်ဖြစ်တယ်။ အကြီးဆုံး ရာထူးကြီးကို ဖက်တွယ်ထားပြီး အာဏာကို ကျားကုတ် ကျားခဲတွယ်ကပ်နေသူမဟုတ်ဘူးဗျ။ ပဒေသရာဇ်ခေတ်ဆိုတာ လူတွေက အုပ်ချုပ်သူဘုရင်၊ မြို့စား၊ နယ်စားတွေကို ပျပ်ဝပ်ကျိုးနွံတဲ့ ခေတ်လေဗျာ။ ဒီရာထူးမှာ ဆက်နေရင် ဘယ်သူကမှ ကဲ့ရဲ့အတင်းစကား ပြောကြမှာ မဟုတ်ဘူးဆိုတာ သေချာလှပါတယ်။ ဒီခေတ်မှာလို ဟိုဟာ မကျေနပ်လို့ ဆန္ဒပြ၊ ဒီဟာမကျေနပ်လို့ ဆန္ဒပြတာမျိုးလည်း အိပ်မက် ထဲမှာတောင်မရှိတဲ့အချိန်လေးဗျာ။ ဒါပေမဲ့ ရှင်စောပုဟာ သမက်တော် ဓမ္မစေတီကို အိမ်ရှေ့အရာပေးခဲ့တယ်။ သက္ကရာဇ် ၈၂၁ ခု (မြန်မာ သက္ကရာဇ်)မှာ သမက်တော်ဓမ္မစေတီကို ထီးနန်းအပ်ပြီး ဒဂုံ (ရန်ကုန်) မြို့သို့ ထွက်သွားခဲ့တယ်။ ရွှေတိဂုံစေတီတော် အနောက်တောင်ဘက်မှာ မြို့နန်းတည်ပြီးနေခဲ့သတဲ့ဗျာ။ ထီးနန်းစွန့်ပြီး ၁၂ နှစ်လောက်ကြာမှ ကွယ်လွန်ခဲ့တာတဲ့ဗျာ။

- ဆရာရှင်းပြလို့ ကျွန်တော်အစွဲကျွတ်သွားပါပြီ ဆရာ။

x ယောကျာ်း၊ မိန်းမ လိင်ခွဲခြားတာကို Gender လို့ခေါ်တယ်ဗျ။ ကုလသမဂ္ဂကတောင် Gender မခွဲခြားရေးကို လှုံ့ဆော်နေပြီ ဖြစ်ပါ တယ်။ ဒီလို ယောကျာ်းမိန်းမခွဲခြားတာက ခေတ်မမီတော့ဘူးဗျ။ ယောကျာ်းတွေလုပ်နိုင်တဲ့ အလုပ်တွေကို မိန်းမတွေ ရင်ပေါင်တန်းလုပ် နေကြတာပဲ။ အာကာသထဲသွားတာတောင် ယောကျာ်း အာကာသ သူရဲကောင်းတွေသာမက မိန်းမ အာကာသ သူရဲကောင်းတွေပေါ်ခဲ့ပြီ ဗျ။ နိုင်ငံရေးမှာ မိန်းမဖြစ်နေလို့ဆိုတဲ့အတွေးအခေါ်က ခေတ်နောက်ကျ ခဲ့ပြီဗျ။

ကေမောင်မြင့်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)