ရတနာပုံတက္ကသိုလ်အနီးဝန်းကျင်နှင့် ကျောင်းကားများတွင် ဖဲကစားပါက ချက်ချင်းဖမ်းဆီး အရေးယူမည်

ပို့စ်တင်ချိန် - 5/14/2014 08:41:00 PM


အောင်ကိုဦး| ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ်

ရတနာပုံတက္ကသိုလ်အနီးရှိ ထန်းတောနှင့် ကျောင်းကားများပေါ်တွင် ဖဲကစားနေသူများအား အကြောင်းကြားလာပါက ချက်ချင်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးရဲမြင့်က မေ ၁၁ ရက်တွင် ကျင်းပသော လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်တွင် ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရကလည်း စစ် ဆေးအရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ကျောင်း များအနီးတွင် ဖွင့်လှစ်နေသော တရားမ၀င်စားသောက်ဆိုင်များကိုလည်း ဖျက်သိမ်းအရေးယူလျက်ရှိ ကြောင်း၊ မိမိတို့က အချိန်ပြည့်စောင့်ကြည့်ရန်မှာမလွယ်ကူကြောင်း၊ ထို့ကြောင့် ပြည်သူများကလည်း အစိုးရအဖွဲ့ထံ အချိန်နှင့် တစ်ပြေးညီသတင်းများ ပေးပြီးပူးပေါင်း ပါဝင်သင့်ကြောင်း၊ ထိုသို့ သတင်းပေးမှု များကို ကြိုဆိုကြောင်း ၀န်ကြီးချုပ်က ပြောသည်။

“ရတနာပုံတက္ကသိုလ်အနီးမှာ ထန်းတောရှိတာသိပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ မမွေ့ပျော်သင့် တဲ့ နေရာမှာ မမွေ့ပျော်နိုင်အောင်လို့ ပါမောက္ခချုပ်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ် ပါတယ်။ ဆိုင်တွေ ဖွင့်နေကြတယ်။ ဖွင့်ခွင့်မရတဲ့နေရာတွေ မှာဖွင့်နေကြလို့ ဖျက်သိမ်းဆောင်ရွက်နေ ပါတယ်”ဟု ၀န်ကြီးက ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ်အများစုသည် မြို့ပြင်များတွင်တည်ရှိနေသောကြောင့် ကျောင်းသူ၊ ကျောင်းသား အများစုသည်လည်း စာသင်ချိန်များကို မျက်ကွယ်ပြုပြီး ထန်းတောများနှင့် ဖဲဝိုင်းများမှာသာ အချိန်ကုန်နေကြခြင်းကြောင့် ကျောင်းသားလူငယ်အချို့မှာ ပညာရေးဆုံး ခန်းမတိုင်ဘဲ ဘ၀ကို အရှုံးပေး သူများရှိလာကြောင်း မိဘများက ဆိုသည်။

“ကလေးဆယ်တန်းအောင်သွားတော့ ပျော်တာပေါ့။ ပထမနှစ်နဲ့ အိမ်ထောင်ကျသွားတယ်။ ဒါတွေဖြစ်တာ ကျောင်းတွေ မြို့ပြင်ရောက်သွားလို့လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက မိဘကွယ်ရာ ဆရာကွယ်ရာမှာ စိတ်လွတ်ကိုယ်လွတ်တွေဖြစ်ကုန်တယ်။ ကျောင်းနဲ့ ထန်းတောက ကပ်နေတာကို တချို့ဆိုင်တွေဆို တဲထိုးအခန်းဖွဲ့ထားတောင်ရှိတယ်။ အခုလို ၀န်ကြီးက အရေးယူမှုတွေလုပ်မယ်ဆို တော့ မိဘတွေကိုယ်စားဝမ်းသာတယ်” ဟု မိဘတစ်ဦးဖြစ်သူ ဒေါ်အေးသန္တာက ပြောသည်။

အဆိုပါကျောင်းများအနီးရှိ စားသောက်ဆိုင်များနှင့် ထန်းတောအတွင်းကျောင်းဖွင့်ရက်များတွင် ကျောင်း သားများ အပြည့်ရှိနေခြင်းမှာ သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ဆရာမများတွင်လည်း တာဝန်ရှိကြောင်း ဝေဖန်သူများလည်းရှိသည်။ ကျောင်းသူ၊ ကျောင်းသားအများစုသည်လည်း ကျောင်းခေါ်ချိန်မှန်ရုံသာတက် ၍ ကျန်အချိန်များ၌ အပြင်တွင်သာ ရှိနေသည်ကများကြောင်း ဆရာဦးအောင်ကျော်မိုး (မြန်မာစာ)က ပြော သည်။

မန္တလေးမြို့ပြင်ရောက် ကျောင်းများမှာ ရတနာပုံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ဒဟတ်တော)၊ ကွန်ပျူ တာတက္ကသိုလ် (တအုံ)၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ ဆေးဝါးကျွမ်းကျင်မှုတက္ကသိုလ်စသည့် တက္က သိုလ်များ ဖြစ်သည်။

Mizzima Burmese