မှန်လုံယာဉ်တိမ်းမှောက်မှုတွင် သေဆုံးခဲ့သော ခရီးသည်များအတွက် အာမခံလျော်ကြေးငွေများ လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပေးမည်

ပို့စ်တင်ချိန် - 5/14/2014 07:48:00 AM



နေပြည်တော် မေ ၁၃

နေပြည်တော်-ရန်ကုန် ရာဇာမင်း မှန်လုံယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သောခရီးသည်များအတွက် အာမခံလျော်ကြေးများကို လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပေးသွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်၍သေဆုံးခဲ့ရသော ခရီးသည်တစ်ဦးလျှင် အလုံးစုံအာမခံကြေး ငွေကျပ် ၁၀ သိန်း၊ အထူးခရီးသွား အာမခံကြေးငွေကျပ်သိန်း ၃၀၊ သူတစ်ပါးထိခိုက်မှု အာမခံကြေးငွေကျပ် ငါးသိန်း စုစု ပေါင်း ကျပ် ၄၅ သိန်းကို သေဆုံးသူနှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်ရှိသူများအား ထုတ်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။
ထိခိုက် ဒဏ်ရာရသူများအား အထူးခရီးသွားအာမခံကြေးအဖြစ် ဒဏ်ရာရရှိမှုအပေါ်မူတည်၍ ငွေကျပ် ၁၀၀၀၀မှ ငွေကျပ် ၂၄သိန်းအထိသတ်မှတ်ထားသည့်အတိုင်း ပေးလျော် သွားမည်ဖြစ်ကြောင်း၊ သေဆုံးသူများအတွက် အာမခံလျော်ကြေးကိုမထသသို့လွှဲပြောင်း၍ ခံစားခွင့်ရှိသူ များကို ရှေ့တစ်ပတ်တွင် ထုတ်ပေး သွားမည် ဖြစ်ကြောင်း၊ ဒဏ်ရာရသူများအတွက် အာမခံလျော်ကြေးပေး လျော်မှုကိုမူ အချိန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းကပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း သည် ရာဇာမင်းမှန်လုံယာဉ် တိမ်း မှောက်မှုတွင် ဒဏ်ရာရရှိသူခရီးသည်များကို ကုသပေးလျက်ရှိသည့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ ကြီးသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်ကလာရောက် ကြည့်ရှုနှစ်သိမ့်အားပေးခဲ့ ပြီး အာမခံလျော်ကြေးဆိုင်ရာများ ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


MOI Webportal Myanmar