မိုးရာသီကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း သုံးကြိမ်ခန့် ဖြစ်ပေါ်မည်ဟုဆို

ပို့စ်တင်ချိန် - 5/09/2014 02:32:00 PM


ရန်ကုန်၊ မေ ၈

အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံအတွင်း စတင် ဝင်ရောက်သည့် နေ့မှစ၍ မိုးနှောင်းကာလအထိ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းများ အားကောင်းလာကာ မုန်တိုင်း သုံးကြိမ်ခန့် ဖြစ်ပေါ်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ဇွန်လ ပထမအပတ်မှ ဇွန်လကုန် (မိုးဦး) ကာလအတွင်း ဘင်္ဂလားပင် လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်ပြီး မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိနိုင်၍ မိုးရွာသွန်းမှု အခြေအနေမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကြောင်း အဆိုပါ ခန့်မှန်းချက်အရ သိရသည်။

ယင်းအပြင် မိုးရွာသွန်းမှု အချိန်နှင့် နေရာ မတူညီသည့်အတွက် အခါလွန်မိုးများ၊ အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောဆိုသည်။

မိုးလယ်ကာလ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လကုန် အထိတွင်မူ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်း အားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည့်အပြင် မိုးနှောင်းကာလ စက်တင်ဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ပထမအပတ် အတွင်းတွင်လည်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ခန့် ဖြစ်ပေါ်ပြီး မုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ အပူပိုင်း မုန်တိုင်းအဆင့် မုန်တိုင်း ခြောက်လုံး ဖြစ်ပေါ်ခဲ့သော်လည်း အစဉ်အလာအရ မုန်တိုင်းအများဆုံး ဖြစ်ပေါ်တတ်သည့် ဇွန်လမှ စက်တင်ဘာလ အတွင်းတွင်မူ မုန်တိုင်းတစ်ကြိမ်မှ ဖြစ်ပေါ်ခြင်း မရှိခဲ့သည့်အတွက် ယခုနှစ်တွင် မုန်တိုင်းအန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း ဦးထွန်းလွင်က သုံးသပ်ပြောဆိုသည်။
“ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်မှု နည်းတဲ့အခါ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မိုးခေါင်တာတွေ၊ မိုးနည်း ရေရှားတာတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

မုတ်သုံမိုး ရရှိခြင်း မရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ၂၀၁၀ ခုနှစ်မှ၂၀၁၃ ခုနှစ်အထိ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု လျော့နည်းခြင်းကြောင့် မိုးခေါင်၍ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးခြင်း အခက်အခဲတို့ကို နှစ်စဉ် ရင်ဆိုင်နေရကြောင်း ဒေသခံများ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ ယခု ၂၀၁၄ ခုနှစ်၊ ဇွန်လမှ စတင်၍ မြန်မာနိုင်ငံသည် ပူပြင်းခြောက်သွေ့သည့် အယ်နီညို ရာသီဥတုသို့ ရောက်ရှိမည် ဖြစ်ခြင်းကြောင့် နေ့အပူချိန်များ ဆက်လက်မြင့်တက်ကာ မုတ်သုံမိုး ရရှိမှုလည်း ၁၀ ရာခိုင်နှုန်းခန့် လျော့နည်းမည် ဖြစ်ပြီး စိုက်ပျိုးရေးနှင့် သောက်သုံးရေပါ ရှားပါးမည့် နှစ်တစ်နှစ် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်း ပြောဆိုထားသည်။

The Voice Weekly