တမူး ဆယ်ကျော်သက်များ ဂိုဏ်းဖွဲ့ ဖောက်ထွင်းနေဟု ဒေသခံများဆို

ပို့စ်တင်ချိန် - 5/20/2014 03:16:00 PM



ကလေး၊ မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အသက် ၈ နှစ်အောက် ကလေးများပင် ပါဝင်သည့် ဆယ်ကျော်သက် ကလေးငယ်များက ဂိုဏ်းပုံစံ ဖွဲ့စည်းကာ ဖောက်ထွင်းမှုများအား ကျူးလွန်လျက် ရှိကြောင်း တမူးဒေသခံများက ပြောကြားသည်။

ဂိုဏ်းဖွဲ့၍ ဖောက်ထွင်းမှု ကျူးလွန်သူများမှာ အသက် ၈ နှစ် အရွယ်ရှိ ကလေးမှ အသက် ၂၀ နှစ် အရွယ်ထိ ရှိကြောင်း၊ ၎င်းတို့ ဖောက်ထွင်းခဲ့သော အိမ်များအနက် ရွှေ ၁၅ ကျပ်သားခန့် ဖောက်ထွင်းခံရသော အိမ်နှင့် ရူပီး သိန်းဂဏန်းထိ ပါသွားသော အိမ်များလည်း ရှိကြောင်း ဆန္ဒကူးရပ်ကွက်မှ တမူးမြို့ခံ တစ်ဦးက ပြောဆိုသည်။

“ဒီနှစ်ထဲမှာ အဖောက်ခံရတဲ့ နှစ်အိမ်လောက် ရှိပြီ။ ဖောက်ထွင်းတဲ့ သူတွေက ကလေးအရွယ်တွေချည်းပဲ၊ သူတို့ အားလုံးက ဂိမ်းဝါသနာအိုးတွေ၊ သူခိုးဂိမ်းတွေထဲကလို ဂိုဏ်းဖွဲ့ပြီး လုပ်တဲ့သဘော ရှိတယ်” ဟု ရှင်းပြသည်။

ကလေးငယ်များ ကျူးလွန်ခြင်း ဖြစ်သောကြောင့် ၎င်းတို့၏ ဘဝနှင့် ၎င်းတို့ မိဘများ၏ မျက်နှာထောက်၍ ရဲစခန်းတွင် အမှုမဖွင့်ဘဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုသာ အကြောင်းကြားခဲ့ရာ တစ်လခန့်အကြာတွင် အိမ်နီးနားချင်း၏ အိမ်မှ ရွှေများ ထပ်မံ ဖောက်ထွင်းခံရကြောင်း၊ ယင်းတို့ အဖွဲ့သည် အလွယ်တကူ တွေ့ရသည့် ပစ္စည်းများကို ယူလေ့မရှိဘဲ ရွှေနှင့် ပိုက်ဆံကိုသာ အဓိက ဖောက်ထွင်း ခိုးယူကြကြောင်း၊ တက္ကသိုလ်ဝင်တန်း အရွယ် ၁၀ တန်း ကျောင်းသားများလည်း ပါဝင်သည့် ၎င်းတို့ အဖွဲ့သည် ဖောက်ထွင်း ရရှိသော ပစ္စည်းများကို ဂိမ်းကစားရာတွင် ပြန်လည် အသုံးချလေ့ ရှိကြောင်း အိမ်ဖောက်ထွင်း ခံခဲ့ရသည့် တမူးလူငယ်ကွန်ရက် အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ကျွန်မတို့အိမ်မှာ နေ့လယ်ခင်း လူမရှိတုန်း စုဘူးထဲ သိမ်းထားတဲ့ ရူပီးငွေ ၁၀ သိန်းကျော်လောက် ပါသွားတယ်။ ကျန်တဲ့ ပစ္စည်းတွေ မပျောက်ဘူး။ ကလေးတွေ ဆိုပေမယ့် လူကြီးအတွေးတွေ ဖြစ်နေတယ်။ နောက်ကွယ်မှာ လူကြီးတွေလည်း ပါနိုင်တဲ့အတွက် တာဝန်ရှိတဲ့သူတွေ အနေနဲ့ ထိထိရောက်ရောက် စုံစမ်း အရေးယူစေချင်တယ်” ဟု မြို့မရပ်ကွက်တွင် နေထိုင်သူ ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ ဆယ်ကျော်သက်အရွယ် ကလေးငယ်များ ဂိုဏ်းဖွဲ့၍ ဖောက်ထွင်းမှုများ ကျူးလွန်လျက် ရှိကြောင်း ဒေသခံများက ပြောကြားသော်လည်း ကလေးငယ်များ ဖောက်ထွင်းမှုနှင့် ပတ်သက်၍ တိုင်ကြားခြင်း၊ ဖမ်းဆီးထားခြင်းမျိုး မရှိကြောင်း၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ ဦးဆောင်၍ ရပ်ကွက်များတွင် ညစဉ် လှည့်ကင်းပုံစံဖြင့် စစ်ဆေးလျက် ရှိကြောင်း တမူးမြို့မ ရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

တမူးမြို့ပေါ်တွင် ကွန်ပျူတာ ဂိမ်းဆိုင်နှစ်ဆိုင် ရှိပြီး ကလေးငယ်များကြား ဂိမ်းကစားခြင်းမှာ ပျံ့နှံ့လျက်ရှိရာ ဖောက်ထွင်းမှု ကျူးလွန်သည့်ဂိမ်း၊ တိုက်ခိုက်သတ်ဖြတ်သည့် ဂိမ်းများကို အများဆုံး ကစားလေ့ ရှိကြသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly