မယူကမ်းမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရန် အစိုးရမှအမြန်ဆုံးစီစဉ်ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေပြော

ပို့စ်တင်ချိန် - 5/12/2014 06:08:00 AM


ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ကိုသာ အာရုံစူးစိုက်ပြီး ကာကွယ်ရေး အစီအမံများ လုပ်ဆောင်နေသော  ပြည်ထောင်စု အစိုးရအနေဖြင့် ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း မယူကမ်းဒေသမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရေးအတွက်ကိုလည်း အစီအစဉ်များ စနစ်တကျ ချမှတ်ကာ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်နေကြောင်း ယင်းဒေသသို့ များမကြာမီက သွားရောက်ခဲ့သူ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

ရသေ့တောင်မြို့နယ်ကို သွားရောက်လည်ပတ်ပြီးနောက် မေလ ၁၀ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာစဉ် သူမ ခရီးစဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာက မေးမြန်းရာ ဒေါ်ခင်စောဝေက ထိုသို့ ထုတ်ဖေါ် ပြောဆိုခြင်း ဖြစ်သည်။

“ အခု အစိုးရ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကိုဘဲ အာရုံစိုက်ပြီး အကူအညီတွေကအစ လုံခြုံရေး အဆုံး ဆောင်ရွက်နေတာတွေ ရှိတယ်။ ရသေ့တောင်မြို့နယ်ကျတော့ သူတို့က တည်ငြိမ်တဲ့ ဒေသဆိုပြီး ဘာမှ လုပ်ကိုင်ပေးတာတွေ မတွေ့ရဘူး။ ကျွန်မ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးက ချွတ်ပြင်ဆိုတဲ့ ကျေးရွာကို ကိုယ်တိုင်သွားကြည့်တော့ အဲဒီအနီးအနားက ရွာတွေ လုံခြုံရေး စိတ်မချရတဲ့ အတွက် ပြိုပျက်လုနီးပါး ဖြစ်နေတာကို တွေ့ခဲ့ရတယ်။ ချွတ်ပြင်ရွာမှာဆိုရင်  အရင်ကအိမ်ခြေ ၆၀ ရှိတဲ့ အထဲမှာ အခု ၂၈ ဆောင်ဘဲ ကျန်တော့တယ်။ လုံခြုံရေး စိတ်မချရတဲ့ အတွက် တခြားနေရာတွေကို ပြောင်းရွှေ့သွားကြတယ်” ဟု သူမက ဆိုသည်။

စေတီပြင်ကျေးရွာတွင် ရဲစခန်း၊ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များရှိသော်လည်း ယင်းမှ ၃ မိုင်ခန့် အကွာတွင် တည်ရှိသော ချွတ်ပြင်ကျေးရွာတွင် လုံခြုံရေး မရှိသဖြင့် ကျေးရွာသား အများစုမှာ ပြောင်းရွှေ့သွားခဲ့ကြသည်ဟု ဆိုသည်။

“ အဲဒီ ချွတ်ပြင်ရွာအနီးမှာ ချင်းရွာ၊ အထက်နန်းရာစတဲ့ ဘင်္ဂလီရွာကြီးတွေ ရှိတယ်။ တစ်ခုခု ဖြစ်လို့ကတော့ ရွာသားတွေအနေနဲ့ ဘယ်မှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ ကျွန်မ ချွတ်ပြင်ရွာကိုသွားတော့ အဲဒီဒေသက လူကြီးတွေ လာတွေ့ကြတယ်။ ဒီလို မလုံခြုံမူတွေနဲ့ အတူ စိတ်ဖီစီးခံစားနေရတဲ့ ရွာတွေအထဲမှာ ချွတ်ပြင်ရွာသာမကဘူး တခြားရွာတွေ ဖြစ်ကြတဲ့  အတွင်းပြင်၊ ပိတောက်မြိုင်၊ သဇင်မြိုင်၊ အောင်ဇေယျစတဲ့ ရွာတွေပါဝင်ပါတယ်။ သူတို့က လုံခြုံရေး တိုးမြင့်ပေးဖို့ တောင်းဆိုကြပါတယ်” ဟု သူမက ဆက်ဆိုသည်။

ထိုရွာများအထဲတွင် ပိတောက်မြိုင်နှင့် သဇင်မြိုင်မှာ အစိုးရမှ တည်ဆောက်ထားသော စံပြ နတလ ကျေးရွာများဖြစ်ကြပြီး လုံခြုံရေး အခြေအနေကြောင့် လူများ စွန့်ခွာသွားကြသဖြင့် အများစု ကျေးရွာများ၏ အိမ်ခြေမှာ (၅၀) တက်မပိုကြောင်း သိရသည်။

“ ကျွန်မကတော့ ဒီတခေါက်လွှတ်တော်မှာ အဲဒီ ရသေ့တောင်မြို့နယ် အနောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်နဲ့ ဆက်စပ် တည်ရှိတဲ့ မေယူကမ်းမှ ကျေးရွာတွေရဲ့ လုံခြုံရေးအတွက် တင်ပြတောင်းဆိုသွားပါမယ်။ ဒီဒေသမှာ လုံခြုံရေးကို တိုးမြှင့် ချထားမပေးဘူးဆိုရင် ဒီဗုဒ္ဓဘာသာရွာတွေ အကုန်လုံး ပြိုပျက်သွားနိုင်ပါတယ်” ဟု ဆက်ဆိုသည်။

ယင်းပြင် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် အကြား တည်ရှိသော ဒိုင်းနက် လူမျိုးမှာ နေထိုင်ရာ တောင်မော်ရွာတွင်လည်း ယခင်အိမ်ခြေ ၉၀ ခန့် ရှိရာမှ ယခုအခါ ၆၀ ခန့်သာကျန်တော့သည်ဟု သိရသည်။

လုံခြုံရေး ကင်းမဲ့နေသဖြင့် ပြိုပျက်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသော ကျေးရွာများမှာ ဖက်လိပ်ပေါက်တော၊ အိုးသည်မ၊ မောင်နှမ၊ ဒိုင်းနက်တောင်မော်၊ သိမ်တောင်၊ ပြင်ရှည်၊ ကျိန်ကျောင်၊ သာစည် စသည့်ကျေးရွာများလည်း ပါဝင်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ ဒီဒေသမှာ လူတွေက တောင်ကိုမှီပြီး လုပ်ကိုင်စားသောက်ရသူတွေများပါတယ်။ အရေးအခင်း ဖြစ်ပြီးတဲ့ ကတည်းက လူတွေက တောင်ကိုသွားပြီး လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ ခုလို အခြေအနေကြောင့် စီးပွားရေးကျပ်တည်းပြီး လုံခြုံရေးပါ စိတ်မချရတော့ လူတွေက ဟိုပြောင်း၊ ဒီရွှေ့ဖြစ်ကုန်တာပေါ့” ဟု ချွတ်ပြင်ရွာမှ ကျေးရွာလူကြီး တစ်ဦးဖြစ်သူ ဦးအောင်သိန်းမျှက ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အနောက်ဘက်တံတိုင်း လုံခြုံရေးမှာ များစွာ အရေးကြီးကြောင်း၊ အနောက်ဘက်တံတိုင်း လုံခြုံရေးမှာ ရခိုင်အမျိုးသား တစ်ခုတည်းတွင် တာဝန်ရှိသည်မဟုတ်ဘဲ ပြည်ထောင်စုသား တိုင်းရင်းသားများ အားလုံးတွင် တာဝန်ရှိကြောင်း  ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ကျောက်ဖြူမြို့တွင် ကျင်းပသော ရခိုင်အမျိုးသားညီလာခံ နောက်ဆုံးနေ့တွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

ပြည်ထောင်စု အစိုးရသည် ရခိုင်ပြည်နယ် အနောက်ဘက်တံတိုင်း လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ရေတို ရေရှည် စီမံကိန်းများ ချမှတ်ကာ အလေးအနက်ထား ဆောင်ရွက်မူများ မရှိဘဲ ဖြစ်နေကြောင်း၊ သို့အတွက်လည်း ယင်းဒေသတ၀ိုက်တွင် တစ်ဘက်နိုင်ငံမှ ၀င်ရောက်ပြီး ဓါးပြတိုက်မူများ၊ လူသတ်မူများ မကြာခဏ ပေါ်ပေါက်နေကြောင်း ရခိုင်ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

Narinjara