ကမ္ဘာ့ဖလားဘောလုံးတည်ဆောက်စဉ် အလုပ်သမားများ သေဆုံးမှု (၈)ဦးထိရှိလာ

ပို့စ်တင်ချိန် - 5/09/2014 05:21:00 PM

(တည်ဆောက်နေဆဲ ကမ္ဘာ့ဖလား ဘောလုံးကွင်း)

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲအတွက် တည်ဆောက်နေသည့် ဘောလုံးကွင်း တစ်ကွင်း၌ အလုပ်သမားတစ်ဦး သေဆုံးမှု ထပ်မံဖြစ်ပွားသည့်နောက် ကြီးကြီးမားမား ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ အသက်(၃၂)နှစ်ရှိ မူဟာမက်အလီ မာဆိုင်ရယ်လ် အေဖွန်ဆိုသည် ကမ္ဘာ့ဖလားအတွက် ကွင်းများတည်ဆောက်နေစဉ် (၈)ဦးမြောက် သေဆုံးသော အလုပ်သမားလည်း ဖြစ်လာသည်။ ၎င်းသည် ကြာသပတေးနေ့က မတော်တဆ ဓာတ်လိုက်ပြီး အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ ဘရာဇီးလ်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲအမီ ဘောလုံးကွင်းများ အပြီးသတ်နိုင်ရန် ရုန်းကန်နေပြီး ယင်းတို့အနက် ယခုမတော်တဆမှု ဖြစ်ပွားရာ ပန်တာနယ်လ်ကွင်းကြီးသည် အနှောင့်နှေးဆုံး အခြေအနေတွင် ရှိနေသည်။

မူဟာမက်သည် ဆက်သွယ်ရေး ကွန်ရက်စနစ်အတွက် အစိတ်အပိုင်းတစ်ခု တပ်ဆင်နေစဉ် ဓာတ်လိုက်သေဆုံးခြင်းဟု အစိုးရ အရာရှိတစ်ဦးနှင့် ကွန်ရက်စနစ်ကို တာဝန်ယူသည့် Etel Engenharia ကုမ္ပဏီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တို့က အတည်ပြုခဲ့သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးသည် ဇွန်လ(၁၂)ရက်နေ့တွင် စတင်မည် ဖြစ်သော်လည်း ပန်တာနယ်လ်ကွင်းမှာ ယခုတိုင် ဆောက်လုပ်မှု အပြီးမသတ်သေးဘဲ ရှိနေသည်။ ကွိုင်ဘာရှိ ကွင်းကြီးတွင် မကြာမီ ကမ္ဘာ့ဖလားအကြို ပွဲစဉ်များ စမ်းသပ်ကစားမည် ဖြစ်သော်လည်း လက်ရှိအချိန်ထိ အလုပ်သမားများက ထိုင်ခုံများ လိုက်လံတပ်ဆင်နေဆဲသာ ရှိသည်။ အောက်တိုဘာလကလည်း အဆိုပါ ကွင်းကြီးတွင် မီးမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ ယခုတစ်ကြိမ် မူဟာမက် သေဆုံးမှုကြောင့် တည်ဆောက်မှု လုပ်ငန်းစဉ်များကို ခေတ္တဆိုင်းငံ့ပြီး ရာဇဝတ်ကြောင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။