ကမ္ဘာ့အမြင့်ဆုံး တောင်နံရံ အတုကြီးပေါ်မှ လူစွန့်စားများ

ပို့စ်တင်ချိန် - 5/21/2014 07:10:00 PM


ဆွစ်ဇာလန်နိုင်ငံ၊ ဘလီနီယိုရှိ အဆိုပါ ရေကာတာကြီးသည် ယခုအခါ တောင်တက်အားကစား ဝါသနာပါသူများအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး စိန်ခေါ်မှုကြီးလည်း ဖြစ်လာခဲ့

တောင်တက်ခြင်းသည် စွန့်စားလိုသူများအတွက် စိန်ခေါ်မှု ပြည့်ဝအားကောင်းသည့် အားကစားနည်း တစ်ခုဖြစ်သည်။ သို့သော်လည်း ဒီဂါဒီလူဇုန် ရေကာတာကြီး၏ နံရံပေါ်တွင် ဖန်တီးထားသော တောင်တက်လမ်းအတုမှာမူ အလွန်အကျွံ မိုက်ရူးရဲဆန်ဆန် စွန့်စားနိုင်သူများအတွက်သာ ဖြစ်နိုင်ပေမည်။ ပေပေါင်း(၅၄၀)မြင့်မားသည့် ရေကာတာကြီး၏ နံရံမှာ အလွန်မတ်စောက်ပြီး ယင်း၏ ချောမွေ့သော မျက်နှာပြင်တွင် ကုတ်တွယ်တက်စရာ လက်ကိုင်ဘုလေးများကို တပ်ဆင်ပေးထားသည်။ ယင်းကို တစ်ဆင့်ချင်း အားပြုပြီး ထိပ်ဆုံးထိ တက်ရောက်ရခြင်း ဖြစ်သည်။


ဆွစ်ဇာလန်နိုင်ငံ၊ ဘလီနီယိုရှိ အဆိုပါ ရေကာတာကြီးသည် ယခုအခါ တောင်တက်အားကစား ဝါသနာပါသူများအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး စိန်ခေါ်မှုကြီးလည်း ဖြစ်လာခဲ့သည်။ တောင်တက်သမားများသည် အောက်ခြေမှ ပေ(၂၀)အမြင့်ထိ လှေကားထောင် တက်ရပြီး ထို့နောက်တွင်မူ လက်ကိုင်ဘုလေးများကိုသာ အားပြုပြီး ထိပ်ဆုံးနေရာထိ တွယ်တက်ရခြင်း ဖြစ်သည်။ တောင်တက်သမားများက ဒီဂါဒီလူဇုန်ကို ကမ္ဘာ့အမြင့်ဆုံး တောင်နံရံ အတုကြီးအဖြစ် တင်စားခေါ်ဝေါ်ကြသည်။

ထိပ်ဆုံးနေရာရှိ ဇွဲကောင်းကောင်း အရောက်တက်လှမ်းနိုင်သူများအတွက် အမောပြေစရာအဖြစ် အဲ့လ်ပ်တောင်တန်းကြီး၏ လှပသော ရှုခင်းများက စောင့်ကြိုနေမည် ဖြစ်သည်။ ဂျာမနီမှ အမျိုးသမီး တောင်တက်သမား တစ်ဦးဖြစ်သည့် အီလာနာ မားကက်စ်က “တက်ရတဲ့လမ်းက ချောချောမွေ့မွေ့နဲ့ ပျော်ဖို့ကောင်းပါတယ်။ ဒီခရီးစဉ်မှာ ကျွန်မအတွက် အမှတ်တရ အရှိဆုံးက စတက်တဲ့အချိန်နဲ့ ရေကာတာထိပ်ဆုံးထိ ရောက်သွားတဲ့ အချိန်တွေပါ။ အတက်လမ်းကို အစပြုဖို့တောင် လှေကားထောင်ရတဲ့ အခြေအနေဆိုတာ မမေ့နိုင်စရာပါပဲ”ဟု မှတ်ချက်ပြုခဲ့သည်။


သူမက “ထိပ်ဆုံးကို ရောက်သွားချိန်မှာတော့ ကိုယ့်လှုပ်ရှားမှုတိုင်းကို အသည်းတယားယား စောင့်ကြည့်နေတဲ့ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ပရိသတ်တွေကို မြင်ရပါလိမ့်မယ်။ ဒါဟာ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပါပဲ။ တောင်တက်သမား တစ်ယောက်အနေနဲ့ ကျွန်မဟာ ဝေးလံခေါင်သီပြီး လူသူအရောက်အပေါက် နည်းလွန်းတဲ့ နေရာတွေမှာပဲ တောင်တက်လေ့ ရှိပါတယ်။ လူတွေအများကြီး ကိုယ့်ကိုစောင့်ကြည့်နေတဲ့ နေရာမျိုးမှာ တောင်တက်ရတယ် ဆိုတာကတော့ ထူးခြားတဲ့ အတွေ့အကြုံ တစ်ခုပါပဲ”ဟုလည်း ပြောကြားသွားသည်။

planet