မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့်သူများကို တုံ့ပြန်သည့် အနေဖြင့် မဘသ မှ သတင်းစာရှင်းလင်းပွဲ ကျင်းပရန် စီစဉ်

ပို့စ်တင်ချိန် - 5/15/2014 04:09:00 PM


မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် သူများကို တုံ့ပြန်သည့် အနေဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မှ သတင်းစာရှင်းလင်းပွဲ တစ်ခုကို ကျင်းပရန် စီစဉ် နေကြောင်း သတင်းရရှိသည်။ သူတို့တွေ ထဲမှာ တချို့ကအပေါ် ခေါင်းဆောင်တွေက ဒီဥပဒေကို ကန့်ကွက်ခိုင်းလို့ ကန့်ကွက်တာတွေလည်း ရှိတယ်။သူတို့ ဆန္ဒမပါဘူး ဆိုတာတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့တွေရဲ့ ခေါင်းဆောင်ပိုင်းတွေ အသိအမြင် ရှိအောင်လို့ ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ကျင်းပသွားဖို့ စီစဉ်တာပါ ဟု အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဓမ္မစက္က ဦးမောင်မောင်က ပြောသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲအား မေလ (၁၇) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ် သွားရန် စီစဉ်နေပြီ နေရာနှင့် အချိန်ကို မကျင်းပမီ တစ်ရက် အလိုတွင် ကြိုတင် အကြောင်းကြားသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲ တွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ မှ ရေးဆွဲ ထုတ်ပြန် ထားသည့် မျိုးစောင့် ဥပဒေ စာအုပ် စာတမ်းများကို လေ့လာခြင်း မရှိဘဲကန့်ကွက် နေကြခြင်း၊ မျိုးစောင့် ဥပဒေ၏ ဆိုလိုရင်း အနက် အဓိပ္ပာယ်ကို ကောင်းစွာ သိရှိ နားလည်ခြင်း မရှိဘဲ ကန့်ကွက်နေခြင်းများ နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား သွားမည် ဖြစ်ပြီး၊ မျိုးစောင့် ဥပဒေကို ကန့်ကွက်သည့်သူများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကိုလည်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားမည် ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။

မျိုးစောင့် ဥပဒေကို ပြုစုရေးဆွဲရာတွင် လူ့အခွင့်အရေးနှင့် ညီမျှစေရန် အတွက် စီမံဆောင်ရွက်ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း ဓမ္မစက္ကဦးမောင်မောင်က ဆိုသည်။ မျိုးစောင့် ဥပဒေကို ဝေဖန်တာ မဟုတ်ဘူး။ ဒီဥပဒေကို သမ္မတ အနေနဲ့ လူထုထောက်ခံမှုရအောင် ပြုလုပ်တာလို့ မြင်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့ကို ဆောင်ရွက်နေတဲ့ နေရာမှာ ဒီလိုမျိုး ဥပဒေတွေ လုပ်နေတယ်ဆိုတာ လှည့်ကွက်တစ်ခု လို့ မြင်တယ် ဟု ရွှေည၀ါ ဆရာတော် အရှင်ဦးပညာသီဟ က မိန့်သည်။ မျိုးစောင့်ဥပဒေ အတည်ပြုရေး နှင့် ပတ်သက်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့တို့ မေလ (၁၄)ရက်တွင် တွေ့ဆုံရန် ညှိနှိုင်းထားသော်လည်း ဆရာတော်ကြီးများ မအားလပ်သေး သဖြင့် တွေ့ဆုံမည့်ရက်ကို မေလ (၂၆)ရက်သို့ ရွှေ့ပြောင်းထားသည်။ အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့ (အထက် မြန်မာပြည်) မှ မျိုးစောင့် ဥပဒေ အပေါ်ကန့်ကွက်သည့် လူမှုအဖွဲ့အစည်းများကို အမျိုးသား သစ္စာဖောက်ဖြင့် ကြေညာခဲ့သည်။ မျိုးစောင့် ဥပဒေကို လူမှု အဖွဲ့ အစည်း (၉၇) ဖွဲ့ က ကန့်ကွက်ခဲ့ကြပြီး၊ မျိုးစောင့် ဥပဒေနှင့်ပတ်သက်၍ အကြံပြုစာကို အဖွဲ့ပေါင်း (၁၁၀)က ပူးပေါင်းထုတ်ဝေခဲ့သည်။


Messenger News Journal