မိခင်နို့ကို အေးခဲပြီး တိုက်သည့်နည်း

ပို့စ်တင်ချိန် - 5/09/2014 06:20:00 AM


မွေးကင်းစမှ အသက် ၆ လအထိ မိခင်နို့ရည်တစ်မျိုးတည်းသာ တိုက်ကျွေးရမည်ဟု ကျန်းမာရေးပညာရှင်များက လမ်းညွှန်ထားသော်လည်း မည်သို့တိုက်ကျွေးရမည်ကို အသေးစိတ်မသိရှိသောကြောင့် မိခင်နို့တိုက်ကျွေးရေးတွင် အားနည်းချက်များရှိနေသည်။

မွေးပြီးတစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးရမည်။ ရေနှင့်ဖြည့်စွက်စာများကို ကလေးအသက် ၆ လအထိ မတိုက်ကျွေးရ။ နို့ဘူးနှင့် ချိုလိမ်များ အသုံးမပြုရ၊ ကလေးငယ်ဆာသည့်အခါတိုင်း မိခင်နို့ကိုသာတိုက်ကျွေးရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် UNICEF တို့က မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရေးဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ပေးထား၏။

‘‘အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ရမယ်လို့ကြားဖူးတယ်။ ဒါပေမဲ့ ရုံးအလုပ်နဲ့က အဆင်မပြေလို့ ရုံးသွားတဲ့အချိန်မှာ နို့မှုန့်ပဲတိုက်တယ်’’ဟု အသက် ၅ လအရွယ် ကလေး၏မိခင်ဖြစ်သူ ကုမ္ပဏီဝန်ထမ်း မရတနာက ပြောသည်။

မိမိ၏ရင်သွေးငယ်အား မိခင်နို့ကိုသာ တိုက်ကျွေးလိုသော်လည်း ရုံးသွားချိန်တွင် မည်သို့ဆောင်ရွက်ရမည်ကို မသိရှိသောကြောင့် နို့မှုန့်ကို သုံးစွဲရခြင်းဖြစ်သည်ဟု မရတနာကဆိုသည်။

‘‘အလုပ်လုပ်နေတဲ့မိခင်တွေမှာ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရေးမှာ အဆင်မပြေမှုတွေရှိတယ်ဆိုတာ သိပါတယ်။ အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ့်ကလေးအတွက် အဆင်ပြေအောင် မိခင်နို့ကို သိမ်းဆည်းလို့ရတဲ့နည်းတွေရှိတယ်’’ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်တစ်ဦးကပြောသည်။

သာမန်အခန်းအပူချိန်ဖြစ်သော ၇၃-၇၇ ဒီဂရီဖာရင်ဟိုက်တွင် အချိန်လေးနာရီ ရေခဲထည့်ထားသောရေခဲပုံးဖြင့် သိမ်းဆည်းပါက ၂၄နာရီ၊ အပူချိန် ၃၉ဒီဂရီဖာရင်ဟိုက်နှင့် အောက်ရှိသော ရေခဲသေတ္တာတွင် ၂ရက်မှ ၈ရက်အထိ၊ အပူချိန်သုညဒီဂရီဖာရင်ဟိုက်ရှိသော ရေခဲသေတ္တာတွင် ၃ လမှ ၄လနှင့် သုညဒီဂရီဖာရင် ဟိုက်အောက်ရှိသော ရေခဲသေတ္တာတွင် ၆လမှ ၁၂လအထိ မိခင်နို့ကို ထိန်းသိမ်းထားနိုင်သည်ဟု ကလေးသူငယ်ကျန်းမာရေးဆိုင်ရာ သုတေသနပြုမှုများတွင် ဖော်ပြထားသည်။

ဆက်သွယ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် အသက်လေးလခွဲအရွယ် ကလေး၏မိခင်ဖြစ်သူ မစန္ဒာက ‘‘ကုမ္ပဏီကိုလာရင် ရေခဲပုံးလေးယူလာတယ်။ နို့တွေသက်ရင် ညှစ်ပြီး အဖုံးပါတဲ့ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ သွားထားတယ်။ ပြန်ရင် ရေခဲပုံးထဲထည့်ပြီး ပြန်သယ်သွားတယ်။ ကိုယ်က ၀န်ထမ်းဆိုတော့ ကိုယ့်ကလေးကို မိခင်နို့တိုက်ရေးနဲ့ပတ်သက်ပြီး ကလေးအထူးကုက ညွှန်တဲ့အတိုင်းလုပ်တာပါ’’ဟု ပြောသည်။

သို့သော် ထိုကဲ့သို့ အအေးခံသိမ်းဆည်းထားသော မိခင်နို့ရည်အတွက် လိုက်နာရမည့်အချက်လည်း ရှိနေပါသည်။ စတင်သိမ်းဆည်းသည့်အချိန်ကို အညွှန်းကပ်၍ မှတ်သားထားခြင်း၊ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းသည့် မိခင်နို့ရည်ထည့်ထားသောဘူးကို အဖုံးလုံအောင် ပိတ်ထားခြင်း၊ မိခင်နို့ရည်ဘူးတစ်ခုလျှင် သိမ်းဆည်းရမည့် ပမာဏမှာ ၂အောင်စမှ ၄ အောင်စအထိသာ ရှိရမည်ဟု သတ်မှတ်ထားသည့်အပြင် မိမိ၏ရင်သွေးအား တိုက်ကျွေးရာတွင် သိမ်းထားချိန်အကြာဆုံးဘူးကို ပထမဆုံးအသုံးပြုရမည်ဖြစ်ပြီး အနည်းငယ်ပူနွေးသောရေဖြင့် အအေးခံထားသောဘူးကို အပြင်ဘက်မှလောင်း၍ သာမန်အခန်းအပူချိန်ထိရောက်အောင် ပြုလုပ်ရမည်ဟု မိခင်နို့သိမ်းဆည်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် ဖော်ပြထားသည်။

‘‘မိခင်နို့ကိုညှစ်ပြီး အိမ်မှာထားခဲ့ခိုင်းတာ။ ဒါမှမဟုတ် အလုပ်ထဲကနေ အိမ်ကိုယူခိုင်းတာတွေရှိပါတယ်။ အရေးကြီးတာက သန့်ရှင်းမှုနဲ့ မိခင်နို့ကို မီးဖိုပေါ်တင်ပြီးအပူမပေးမိဖို့ပဲ’’ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာစည်သူက သတိပေးသည်။

မိခင်နို့တိုက်ကျွေးခြင်းမခံရသော ကလေးငယ်သည် မိခင်နို့တိုက်ကျွေးသည့် ကလေးငယ်နှင့် နှိုင်းယှဉ်လျှင် အဆုတ်ရောင်ဖျားနာရောဂါ(pneumonia) ဖြစ်ပွားနိုင်ခြေ ၁၅ရာခိုင်နှုန်းနှင့် ၀မ်းပျက်ဝမ်းလျှောဖြစ်ရန် ၁၁ရာခိုင်နှုန်း ပိုများနေသည်။ မိခင်နို့ရည်သည် ကလေးများအတွက် မည်သည့်ဖြည့်စွက်စာမျှ ထပ်မံမလိုသော ပြီးပြည့်စုံသည့် အာဟာရရည်ဖြစ်သည်ဟု WHO က သတ်မှတ်ပေးထားသည်။

သို့သော် နာတာရှည်တီဘီရောဂါခံစားနေရသူများ၊ HIV/AIDS ဝေဒနာရှင်များ၊ မိခင်နို့တစ်ဝိုက်တွင် ကူးစက်ရောဂါဖြစ်နေသူများ၊ အာဟာရချို့တဲ့သူများ၊ အသည်းရောင်အသားဝါရှိသူများနှင့် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲထားသည့် မိခင်များတွင် အဆိုပါ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရေးအတွက် ခြွင်းချက်ဖြစ်သည်ဟု ဆိုသည်။

‘‘ဆရာဝန်က အသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းတိုက်လို့ မှာထားတယ်။ ဒါပေမဲ့ တစ်လခွဲလောက်ကတည်းက ကျွန်မကလေးကို ထမင်းရယ်၊ မုန်လာဥနီရယ်၊ ပဲနီလေးရယ်ရောနယ်ပြီး ကျွေးတယ်။ ပြီးတော့ အလုပ်ကလည်း မအားတော့ နို့မှုန့်နဲ့ နို့ဘူးပဲ အဓိကအားကိုးရတယ်’’ဟု အသက် (၃၀)ကျော်အရွယ် မိခင်တစ်ဦးကပြောသည်။

မိခင်၏နို့ရည်သည် ကလေးငယ်အတွက် ရောဂါကာကွယ်ပေးနိုင်သော အရာတစ်ခုတည်းသာမဟုတ်ဘဲ မိခင်နှင့် ကလေးငယ်ကြား ဆက်ဆံရေးပိုမိုနွေးထွေးစေခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း စသည့်ကောင်းကျိုးများကို ပေးစွမ်းနိုင်သည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံတွင် မွေးကင်းစမှ အသက်  ၆လအရွယ် ကလေးငယ်တစ်ရာတွင် ၂၄ဦးသာ မိခင်နို့တစ်မျိုးတည်း အပြည့်အ၀တိုက်ကျွေးမှုကို ရရှိနေသည်ဟု UNICEF မြန်မာက သတိပေးမှု ပြုလုပ်ထားသည်။

7day