အန်ဂျီအိုရုံးတိုက်ခိုက်သူများအား ဆက်ဖမ်းမည်ဆိုသောသတင်းကြောင့် စစ်တွေတွင် လူအချို့ ရှောင်တိမ်းနေရ

ပို့စ်တင်ချိန် - 5/12/2014 12:28:00 PM


(နိရဉ္စရာ- ၁၂ မေလ ၂၀၁၃)


မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များက စစ်တွေတွင် အခြေစိုက်သော နိုင်ငံတကာ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ပတ်သက်ပြီး ဆက်စပ်သူများ၊ သင်္ကာမကင်းသူများကို ဆက်လက် ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် စစ်တွေ ဒေသခံအချို့ ရှောင်တိမ်းနေကြရသည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။

“ ကျွန်တော်လည်း ဖမ်းမယ့် စာရင်းထဲမှာ ပါနေတဲ့ အတွက် ခဏ ရှောင်နေပါလို့ ပြောလာတာကြောင့် အခု စစ်တွေကနေ တခြားနေရာ တစ်ခုကို ရောက်နေပါတယ်။ ကျွန်တော်လိုဘဲ တခြား လူအချို့လည်း ခုလို ရှောင်တိမ်းနေကြရပါတယ်” ဟု နိရဉ္စရာသို့ ဖုံးထဲမှ တဆင့် သူက ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာ နိုင်ငံခြားအန်ဂျီအိုမှ အမျိုးသမီး တစ်ဦး သာသနာ့အလံကို မဖွယ်မရာ လုပ်ကြောင့် သတင်းများ ပျံ့နှံ့သွားခဲ့ပြီးနောက် စစ်တွေတွင် အခြေစိုက်ထားသော နိုင်ငံတကာ အိုင်အန်ဂျီအိုရုံးများကို လူအုပ်စုများ မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များက ၀ိုင်းဝန်းတိုက်ခိုက် ဖြိုဖျက်ခဲ့သည်။

“ ကျွန်တော်က အန်ဂျီအိုရုံးတွေကို တိုက်ခိုက်တဲ့ အထဲမှာ ပါဝင်တာ မဟုတ်ပါဘူး။ ပြဿနာ မကြီးထွားရအောင် ကြားဝင် ဖျဉ်ဖြေပေးခဲ့သူ ဖြစ်ပါတယ်။ အခုတော့ ဖမ်းမယ့် စာရင်းထဲမှာ ပါနေတယ်လို့ သတင်းထွက်နေတဲ့အတွက် စစ်တွေမနေမှာဘဲ တစ်ခြားဒေသ တစ်ခုကို ရောက်နေပါတယ်” ဟု ဆက်ဆိုသည်။

စစ်တွေမြို့တွင် အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရပြီးနောက် သက်ဆိုင်ရာမှ စစ်တွေမြို့ ဓည၀တီ ရပ်ကွက်မှ အမျိုးသမီးများ အပါအ၀င် လူ (၁၂) ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးပြီးနောက် ဦးမောင်သိန်း (၅၄) နှစ်မှာ စစ်တွေ ထောင်ထဲတွင် ကွယ်လွန်သွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် အမျိုးသမီး တစ်ဦးကို ပြစ်မူ မသေချာသဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ယခုအချိန်ထိ ၁၀ ဦးကို ဖမ်းဆီးထားပြီး ရုံးတင် စစ်ဆေးနေကြောင်း သိရသည်။ ဆက်လက်ဖမ်းဆီးမူများ ပြုလုပ်မည်ဟု ဆိုသဖြင့် လူအချို့မှ ရှောင်တိမ်းနေကြသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ မသိရှိကြောင်း စစ်တွေ ရဲမှ တာဝန်ကျ ၀န်ထမ်း တစ်ဦးက ပြောသည်။

Narinjara