နတ်တလင်းမြို့ အဓိကရုဏ်းမှ နေအိမ်ဖျက်ဆီးသူ ကိုးဦးကို စစ်ဆေးနေ

ပို့စ်တင်ချိန် - 5/08/2014 07:10:00 AM


ရေခဲ(ပြည်)

နတ်တလင်း၊ မဇ္ဈိမ။ ။ ပြီးခဲ့သည့်သင်္ကြန်ရက်က ပဲခူးတိုင်း နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတွင်
နေအိမ်(၄)လုံး ဖျက်စီးခံရမှုနှင့် ဒေသခံကျေးရွာသား ကိုးဦးကို ဖမ်းဆီး စစ်ဆေးနေပြီဖြစ်သည်ဟု တောင်ညိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို
ပြောသည်။

“ဧပြီ ၂၅ ရက်ကဖမ်းတယ်။ အားလုံးကိုးယောက်။ သူတို့အမှုက အာမခံပေးလို့မရဘူး။ ရမာန်ယူထားတယ်” ဟု တောင်ညိုရဲစခန်း တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးထားသူများကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၁၄၃ ၊ ၁၄၇၊ ၄၅၂၊ ၄၂၇ များဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်းလည်း အဆိုပါ ရဲတပ်ဖွဲ့ဝင်က
ပြောသည်။

နတ်တလင်းမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင်လူငယ်တစ်ဦးနှင့် တောင်ညိုမြို့သစ် ကံစုကျေးရွာရှိ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးတို့ ချစ်ကြိုက်မှုကို ဒေသခံ
ကျေးရွာသားများက မကျေမနပ်ဖြစ်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်လူငယ် နှင့် ရင်းနှီးသည့် နေအိမ်များကို ဧပြီ ၁၅ ရက်နှင့် ၁၆ ရက်ညမှ ၁၇ ရက်မနက်ထိ
လူအင်အား နှစ်ရာကျော်ဖြင့် ဖျက်စီးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ခဲ့ရာ အစ္စလာမ်လူငယ် နှင့် စီးပွားရေးအတူ လုပ်သူ ကိုမြင့်ငွေနှင့် ကိုအောင်ဝင်း နေအိမ်နှစ်လုံး၊ အစ္စလာမ်ဘာသာဝင်လူငယ် ၀င်ထွက်သွားလာ
သည့် ကိုသံချောင်းအရက်ဆိုင်နှင့် အစ္စလာမ်လူငယ်၏ ချစ်သူနေအိမ်တို့ကို ဖျက်စီးခံခဲ့ရသည်ဟု နတ်တလင်းမြို့နယ် တည်ငြိမ် အေးချမ်းရေး ကော်မတီဝင် တစ်ဦးကပြောသည်။

နေအိမ်ဖျက်စီးခံရသူ ဦးမြင့်ငွေက ဧပြီ ၂၂ ရက်နေ့တွင် တောင်ညိုရဲစခန်းသို့ တိုင်တန်းရာ တိုင်တန်းစာပါ(၁၄)ဦး အနက် (၉)ဦးကို ဖမ်းဆီးအရေးယူခြင်း
ဖြစ်သည်ဟု နတ်တလင်းမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်ကပြောသည်။

“တိုင်တုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက် ပါပါတယ်။ အခုဖမ်းတဲ့ထဲမှာ အုပ်ချုပ်ရေးမှူးမပါဘူး” ဟု ၎င်းကပြောသည်။

အကြောင်းအရာကိစ္စနှင့် ပတ်သတ်ပြီး နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က “လောလောဆယ် ခင်ဗျားတို့ သတင်းဖော်ပြချက်တွေလောက်ပဲ
ရှိပါသေးတယ်။ တရားစွဲအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်ချက်အရ ဆက်လက် ဆောင်ရွက်နေပါတယ်”ဟုပြောသည်။

Mizzima Burmese