အမေရိကန် ကုမ္ပဏီတစ်ခု အပါအ၀င် နိုင်ငံ ၁၁ နိုင်ငံ၏ ကုမ္ပဏီ ၄၅ ခုမှ သီလ၀ါအထူး စီးပွားရေးဇုန်တွင် လာရောက်လုပ်ကိုင်ရန် အဆိုပြုလွှာ ပို့ထား

ပို့စ်တင်ချိန် - 5/24/2014 07:49:00 AM


Written by: အငယ်ထွေး၊ နီလာ

သီလ၀ါအထူး စီးပွားရေးဇုန်စီမံကိန်း ဧရိယာကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သီလ၀ါအထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန် ကုမ္ပဏီတစ်ခု အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံ၏ ကုမ္ပဏီ ၄၅ ခုမှ တရားဝင်အတည်ပြုလွှာများ ပို့ထားပြီးဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။

“စောစောကပြောတဲ့ ကုမ္ပဏီတွေကနေပြီးတော့ သီလ၀ါအထူး စီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ သူတို့ဘက်ကနေ Confirmation Letter ပို့ထားပြီးပါပြီ။ ကုမ္ပဏီကတော့ အစုံပါပဲ။ အမေရိကန်ကုမ္ပဏီ တစ်ခုပါတယ်။ ထိုင်းကုမ္ပဏီ၊ စင်ကာပူကုမ္ပဏီ၊ ဟောင်ကောင်ကုမ္ပဏီ၊ မလေးရှားကုမ္ပဏီနဲ့ ဂျပန်ကုမ္ပဏီ တွေလည်းပါတယ်။ အမေရိကန်ကတော့ ကုမ္ပဏီတစ်ခုတည်းပဲ ရှိပါသေးတယ်။ သူကတော့ ဘီယာတို့ ဟန်နီကန်တို့၊ ကိုကာကိုလာတို့လို ပစ္စည်းတွေထုတ်တဲ့ ကုမ္ပဏီ။ အီးယူကတော့ လောလောဆယ် ဆွီဒင်ကုမ္ပဏီတစ်ခုပဲ ၀င်ပါသေးတယ်။ အများဆုံးကတော့ ဂျပန်နဲ့ ဟောင်ကောင်က များပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အကုန်လုံးကို ခွင့်ပြုပေးနိုင်ပါတယ်။ အကုန်လုံးကလည်း နာမည်ရှိပြီးသား ကုမ္ပဏီတွေ ဖြစ်နေပါတယ်” ဟု သီလ၀ါအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။

သီလ၀ါအထူး စီးပွားရေးဇုန် စီမံကိန်းတွင် စုစုပေါင်းဧရိယာ ၂၃၄၂ ဟက်တာ ( ၅၇၈၇ ဒသမ ၁၇၈ဧက) ရှိပြီး ပထမအဆင့် အပိုင်း (က) ဧရိယာတွင် ၃၉၆ ဒသမ ၀၆၂ ဟက် တာ (၉၇၈ ဒသမ ၆၉၁ ဧက) ရှိကြောင်း သီလ၀ါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

သီလ၀ါအထူး စီးပွားရေးဇုန်စီမံကိန်းကို Class A နှင့် Class B ဟူ၍ နှစ်ပိုင်းပါဝင်ပြီး Class A ၌ မော်တော်ကားစက်ရုံ၊ အီလက်ထရွန်နစ် စက်ရုံစသည့် စက်မှုလုပ်ငန်းများပါဝင်ပြီး Class B ၌ အထည်ချုပ်စက်ရုံ၊ စားသောက်ကုန် စက်ရုံများပါဝင်ကြာင်း၊ သီလ၀ါအထူး စီးပွားရေးဇုန်စီမံကိန်းသည် မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မည့် စီမံချက်ဖြစ်ကြောင်း သိရသည်။

“သီလ၀ါမှာ စက်ရုံတည်ဆောက် လုပ်ကိုင်ခွင့်တွေကို ယခုလအတွင်း ချထားပေးသွားမယ်။ ဥပမာ-မြေ၀ယ်ထားမယ်။ စက်ရုံမဆောက်ဘဲ ဒီအတိုင်းထားပြီး လက်လွှဲရောင်းချတာမျိုးတွေ မဖြစ်အောင် ကာကွယ်ရမှာကိုး။ စက်မှုဇုန်တွေမှာက ဒီလိုကိစ္စတွေက ယခင်က ဖြစ်လေ့ဖြစ်ထရှိတယ်။ အဲဒါတွေအတွက် ၀ယ်ယူမယ့်သူက သူ့ရဲ့ Proposal ပေါ့။ သူ့ရဲ့ Interest Plan နဲ့တင်ရပါတယ်။ အဲဒီဟာသည် Environment ကိုလည်း မထိခိုက်ဘူး။ ရေတို့မီးတို့ကိုလည်း အလွန်အကျွံ မသုံးဘူးဆိုတဲ့ဟာတွေကို ဦးစားပေးပြီးတော့ ရောင်းချပေးသွားမယ်” ဟု ဦးဝင်းအောင်က ပြောကြားသည်။

သီလ၀ါအထူး စီးပွားရေးဇုန်အား မြန်မာ-ဂျပန် ပုဂ္ဂလိကနှင့် အစိုးရအဖွဲ့အစည်းတို့ ပူးပေါင်းဖွဲ့စည်းထားသည့် Myanmar Japan Thilawa Development Limited မှ နေ၍ ရင်းနှီးတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါဖက်စပ် ကုမ္ပဏီတွင် မြန်မာဘက်က ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်က ၄၉ ရာခိုင်နှုန်း ရှယ်ယာပါဝင်ကြောင်း သိရသည်။

မြန်မာဘက်တွင် သီလ၀ါအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီက ၁၀ ရာခိုင်နှုန်းနှင့် သီလ၀ါအထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီက ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်တွင် ဆူမီတိုမီကုမ္ပဏီ၊ မီဆူဘီရှီကုမ္ပဏီနှင့် မာရူဘီရှီ ကုမ္ပဏီကြီးသုံးခုမှ ဦးဆောင်သော MMS Thilawa Development Co.,Ltd က ၃၉ ရာခိုင်နှုန်းနှင့် ဂျပန်အစိုးရ ကိုယ်စားပြုကာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ၁၀ ရာခိုင်နှုန်း အသီးသီးပါဝင်ကြောင်း သိရသည်။

Eleven Media