၅၉ (စ) မပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီ ဆန္ဒပြပွဲတွင် မ.ဘ.သ အဖွဲ့အပေါ် အထင်မှားစေသည့် အပြုအမူအချို့အား ဇလွန်မြို့နယ် မ.ဘ.သ က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ရန် စီစဉ်

ပို့စ်တင်ချိန် - 5/17/2014 07:38:00 PM


၅၉(စ)မပြင်ဆင်ရေး ဇလွန်ပြည်ခိုင်ဖြိုး ပါတီ၏ ဆန္ဒထုတ်ဖော်ပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အပေါ် ထင်ယောင်ထင်မှား ဖြစ်စေသည့် အပြုအမူအချို့ ပြုမူခဲ့မှုအပေါ် ဇလွန်မြို့နယ် မ.ဘ.သအဖွဲ့မှ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်နိုင်ရေး တင်ပြသွားရန်ရှိကြောင်း ယင်းအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါး၏ မိန့်ကြားချက်အရ သိရသည်။

ဇလွန်မြို့နယ် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဆရာတော်ဦးသဒ္ဓမ္မ၀ံသက “ကြံ့ခိုင်ရေးကလုပ်တဲ့ ဒီဆန္ဒပြပွဲမှာ မ.ဘ.သ က မပါပါဘူး။ မ.ဘ.သ နာမည်နဲ့ သာသနာ့အလံတွေကို မသုံးဖို့ ဒီဆန္ဒပြပွဲမစခင်မှာ ကြံ့ခိုင်ရေးက ဦးဆောင်သူကို ဦးပဉ္စင်းသွားတားခဲ့တယ်။ မ.ဘ.သ ဥက္ကဋ္ဌ ဆရာတော်ကြီး ကိုယ်တိုင်လည်း သက်ဆိုင်တဲ့ဌာနတွေကို အကြောင်းကြားပြီး တားခဲ့တယ်။ သူတို့က ဘုရားလှူတဲ့ကိစ္စကို ဒီဆန္ဒပြပွဲနဲ့ တွဲလုပ်သွားတယ်။ အဲဒါကြောင့် ပရိတ်အဖွဲ့တွေ၊ သာသနာ့အလံတွေကို သုံးသွားတော့ ထပ်ပြောဖို့ခက်သွားတယ်။ သူတို့က နိုင်ငံရေးလှည့်ကွက်လှလှ သုံးသွားတဲ့သဘောပဲ” ဟု မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့က အမျိုး၊ ဘာသာ၊ သာသနာအတွက် သီးသန့်ပဲ လုပ်ချင်တယ်။ နိုင်ငံရေးကို အထောက်အကူဖြစ်အောင် မလုပ်ချင်ဘူး။ ဒီကိစ္စမှာ မ.ဘ.သ နဲ့ မဆိုင်ဘူးဆိုတာကို အဲဒီ့ဆန္ဒပြတဲ့နေ့ မနက်ပိုင်းမှာပဲ ဦးပဉ္ဇင်းရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ချက်ချင်းတင်ခဲ့တယ်။ မ.ဘ.သ အဖွဲ့အနေနဲ့လည်း ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်နိုင်ဖို့ သံဃာတော်တွေကို တင်ပြလျှောက်ထား သွားဖို့ရှိပါတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် မ.ဘ.သ အဖွဲ့တံဆိပ်နှင့် စာသားပါအင်္ကျီ ၀တ်ဆင်ထားသူ အမျိုးသမီးတစ်ဦးက “ဘာသာရေးကိုပဲ အဓိကထားတယ်။ နိုင်ငံရေးကတော့ နားမလည်ဘူး။ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အတွက်ပါပဲ” ဟု ဖြေကြားခဲ့သည်။

ဇလွန်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်ကမူ အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံပြီး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဘဲ ၅၉ (စ)မပြင်ဆင်ရေးနှင့် တိုင်းရင်းသားစစ်စစ် ၁၃၅ မျိုး၏ သားစဉ်မြေးဆက် နိုင်ငံတော်ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နိုင်ရန်ကိုသာ ရည်ရွယ်ကြောင်း ဖြေကြားထားသည်။

ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကာ မေ ၁၅ ရက်က ခွင့်ပြုမိန့်ရရှိ ထားသော အချက်(၃) ချက်အပြင် ခွင့်ပြုမိန့်တွင် မပါရှိသော “အမျိုးမစစ်ရင် အမျိုးမချစ်ဘူး။ အမျိုးစစ်မှ အမျိုးချစ်မည်။ အမျိုးဖျက်သူ အလိုမရှိ” စာသားပါ လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လူဦးရေ ၅၅၀၀ ကျော် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

Eleven Media Group