ရာဇာမင်းမှန်လုံယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းများမှာ ကျွမ်းကျင်သူများဖြစ်သည်ဟုဆို

ပို့စ်တင်ချိန် - 5/14/2014 06:44:00 PM



နေပြည်တော် မေ ၁၃

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၉၇/၆) အနီး ဝက်လက် ရထားခုံးကျော်တံတားတွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ရာဇာမင်း မှန်လုံယာဉ်တိမ်းမှောက်မှု၌ ယာဉ်မောင်းဖြစ်သူသည် (င)လိုင်စင်ရ ပြီးသည့် ကျွမ်းကျင်ယာဉ်မောင်းတစ်ဦး ဖြစ်ကြောင်း၊ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့် မော်တော် ယာဉ်သည် ဘောဂသီရိကားဝင်းမှ ညနေ ၅ နာရီတွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး မြို့မဈေးကားဂိတ်မှ တစ်ဖန် ညနေ ၆ နာရီတွင် ဆက်လက်ထွက်ခွာ သွားခဲ့ခြင်းဖြစ်ကြောင်း၊ မော်တော် ယာဉ်တွင် ခရီးစဉ်အတွက် ယာဉ် မောင်းနှစ်ဦးပါရှိရာ နှစ်ဦးစလုံးသည် အသက် ၁၈ နှစ် အရွယ်ကပင် ယာဉ်မောင်းလိုင်စင်ရရှိပြီးသူများဖြစ် သည့်အတွက် လက်ရှိတွင် (င) လိုင်စင်ရ ယာဉ်မောင်းကြီးများဖြစ်ကြ ကြောင်း မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌဦးဝင်းဆွေက မြန်မာ့အလင်းသို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားချိန်တွင် ခရီးစဉ်အစဖြစ်သည့် အတွက် အကူယာဉ်မောင်းက ဝင် ရောက်မောင်းနှင်ခြင်းကြောင့် ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ် ပြောကြားမှုများနှင့် ပတ်သက်၍ ဦးဝင်းဆွေက ယင်းကဲ့သို့ ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိ၍ နေပြည်တော်ခုတင် ၁ဝဝဝ ဆေးရုံ တွင် ကုသမှုခံယူနေရသည့် ခရီးသည် တစ်ဦးဖြစ်သူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (နေပြည် တော်)မှ အကြီးတန်းစာရေး ဒေါ်သင်း သင်းနွယ်က ၄င်းကြုံတွေ့ခဲ့ရသည့် ယာဉ်တိမ်းမှောက်မှုဖြစ်ရပ်နှင့် ပတ် သက်၍ ''နေပြည်တော် toll gate ကနေ ထွက်လာပြီး သိပ်မကြာခင်မှာ ဖြစ်တာ၊ ကားက အရှိန်သိပ်မမြန်ဘူး၊ မိုးနည်းနည်းရွာနေတယ်၊ လေတွေ လည်း တိုက်နေတယ်၊ မြူတွေဆိုင်း နေပြီး
မြင်ကွင်းသိပ်မကောင်းဘူး၊ ''ဒုံး'' ဆိုပြီး တစ်ခုခုကို စတင်တိုက်လိုက်တဲ့ အသံကြားရတယ်။

ပြီးတော့ ကား ကစလစ်ဖြစ်သလို ရမ်းခါသွားတယ်။ ယာဉ်မောင်းလည်း လိုက်ထိန်းတယ်နဲ့ တူပါတယ်။ နောက်တော့ တံတား အောက်ကိုကျသွားပြီး တစ်ကားလုံး ဆူညံသွားတယ်၊ ကျွန်မသတိရတော့ ကူညီနေတဲ့လူတွေကို တွေ့ရပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ပေး ကြပါတယ်''ဟု ပြောကြားသည်။

အပတ်စဉ် နေပြည်တော်သို့ အလုပ်ကိစ္စနှင့် အမြန်လမ်းကို အသုံး ပြုသွားလာနေရကြောင်း ပြောကြား သည့် ရန်ကုန်မြို့ တာမွေမြို့နယ်နေ အမျိုးသမီးကြီးတစ်ဦးက ''အန်တီက ကားစထွက်ကတည်းက ဘုရားစာတွေ ရွတ်ဆိုနေခဲ့တာ၊ တိုးလ်ဂိတ်က ထွက်လာပြီးမကြာဘူး အခုလိုအဖြစ် ဆိုးကြီးကြုံရတာပဲ၊ ဖြစ်သွားတာက အလွန်မြန်ပါတယ်၊

ကားကအပေါ်က ပြုတ်ကျတဲ့အရှိန်နဲ့ ကိုယ်ထည်ပွင့် ထွက်သွားပြီး ထွက်ပေါက်လိုဖြစ် သွားတာ၊ အန်တီက ခေါင်းပဲနည်းနည်း ထိသွားလို့ ကံကောင်းပါတယ်'' ဟု ဆိုသည်။

ယာဉ်မောင်းကို ဆေးရုံတွင် ကုသနေရဆဲဖြစ်ပြီး အခင်းဖြစ်ပွား ချိန်က မော်တော်ယာဉ်ကို တစ်နာရီ လျှင် ၆ဝ ကီလိုမီတာနှုန်းဖြင့်သာ မောင်းနေခြင်းဖြစ်ကြောင်း၊ တိမ်း မှောက်မှုဖြစ်ပွားသည့်ယာဉ်မှာ YU-TONG အမျိုးအစား ယာဉ်အသစ် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မျိုးဇေယျာ(ပျဉ်းမနား)
The Mirror Daily