မျိုးစောင့်ဥပဒေကိစ္စ ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့နှင့် ဆွေးနွေးရန် အရပ်ဖက်အဖွဲ့အစည်း တစ်ရာကျော်က စာပို့လိုက်

ပို့စ်တင်ချိန် - 5/14/2014 06:42:00 PM



ရန်ကုန်၊ မဇ္ဈိမ။ ။ အစိုးရ၏ မျိုးစောင့်ဥပဒေများပြဌာန်းရေး ကြိုးပမ်းမှုကို
အပြင်းအထန်ကန့်ကွက်ထားသည့် အရပ်ဘက်အဖွဲ့အစည်းပေါင်း တစ်ရာကျော်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံတော် သံဃာ့မဟာနာယက(မဟန)၊ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်တို့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးလိုသည်ဟု မေ ၁၄ရက်တွင် လက်မှတ်ရေးထိုးတောင်းဆိုလိုက်သည်။
"ဒီနေ့ ပို့ပါပြီ။ အကြောင်းပြန်၊ မပြန်ကိုတော့ စောင့်ကြည့်ရမှာပေါ့။

တစ်ပြိုင်နက်တည်းပို့မှာပါ။ ထုတ်ထားတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ လူချင်းတွေ့ဆုံဆွေးနွေးခွင့်ရချင်ပါတယ်ပေါ့။
လူချင်းတွေ့ဆုံခွင့် ပြုပါလို့ တောင်းထားတာပါ" ဟု တွေ့ခွင့်တောင်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကျားမရေးရာ တန်းတူညီမျှရေး ကွန်ယက်မှ အကြီးတန်းညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက မဇ္ဈိမကို ပြောသည်။

အရပ်ဘက်အဖွဲ့အစည်းများမှ တွေ့ဆုံရန် တောင်းဆိုထားသည့်
တာဝန်ရှိသူများစာရင်းတွင် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ပြည်ထောင်စုရှေ့နေချုပ်တို့ ပါဝင်သည်။ ထို့ပြင် မျိုးစောင့် ဥပဒေများဖြစ်သည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ
ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ တို့ကို ရေး ဆွဲရန် သမ္မတ တာဝန်ပေးထားသည့် ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်လည်း ပါဝင်သည်။

အရပ်ဖက် အဖွဲ့ အစည်းတို့က လူမှုရေး၊ ဘာသာရေးနှင့်
လူဦးရေတိုးပွားနှုန်းဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲ ခြင်းကို
ကန့်ကွက်ထားပြီးလည်းဖြစ်သည်။ အဆိုပါဥပဒေများသည် ဘာသာရေးကို အခြေခံသော အစွန်းရောက် အမျိုးသားရေးဝါဒသာဖြစ်သည်ဟု ၎င်းတို့က ဝေဖန်ထားသည်။ ထို့ပြင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်ရေးကို အဟန့်အတားဖြစ်စေသကဲ့သို့ အချင်းချင်းအကြားယုံကြည်မှု ပျက်ပြားစေနိုင်သည်ဟု
ဆိုသည်။

ယင်းဥပဒေများသည် အမျိုးသမီးများ၏ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင်နှင့်
မိမိခန္ဓာ မိမိ ထိန်းချုပ်နိုင်ခွင့်တို့ကို ကန့်သတ်ချုပ်ချယ်ပိတ်ပင်ခြင်းဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ကြေညာထားသည်။ ထိုဥပဒေကြမ်းများရေးဆွဲရန် သံဃာတော်များဦးဆောင်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)က
သမ္မတထံ တိုက်တွန်းထားခြင်းဖြစ်သည်။

(မဘသ)က ၂၀၁၃ခုနှစ်၊ ဇွန် ၁၂ရက်တွင် ဖြန့်ဝေခဲ့သည့် ဥပဒေမူကြမ်းအရမူ
မြန်မာဗုဒဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်
တရားဝင်ဗုဒဘာသာဖြစ်ရမည်ဖြစ်သည်။ ဘာသာခြားဖြစ်သူက လက်ထပ်လိုလျှင်မူ ဗုဒဘာသာသို့ဝင်ရောက်ရမည်ဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်ရရှိရန်လိုအပ်သည်။
ယင်းကို မလိုက်နာပါက ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်ဆယ်နှစ် ကျခံရမည်ဟု
ပါဝင်သည်။

ထို့နောက် ၂၀၁၃ခုနှစ်၊ သြဂုတ်လတွင် မဘသ က အဆိုပါ ဥပဒေများပြဋ္ဌာန်းရေး ဆောင်ရွက်ပေးပါရန် မေတ္တာ ရပ်ခံခြင်းဖြစ်သည်။ သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ယင်းအရေး
လွှဲအပ်ခဲ့သော်လည်း လွှတ်တော်က သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများကသာ ရေးဆွဲသင့်သည်ဟု
ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ဥပဒေကြမ်းများ ရေးဆွဲရန် သမ္မတက ကော်မရှင်တစ်ရပ်ဖွဲ့စည်းလိုက်ပြီး
ဇွန်လကုန် အပြီးရေးဆွဲရန် ညွှန်ကြားထားသည်။

Mizzima - News in Burmese