ရိုဟင်ဂျာဟု ဖြေဆို သည့် ဘင်္ဂါလီများကို လူမျိုး အမည်မမေးဘဲ သန်းခေါင်စာရင်း ဆက်လက် ကောက်ခံ သွားမည်ဟု ဝန်ကြီး ဦးခင်ရီပြော

ပို့စ်တင်ချိန် - 5/08/2014 04:06:00 PM

သန်းခေါင်စာရင်းကောက်စဉ် ဝါးအိမ်ရှေ့တွင် လူမျိုး ရိုဟင်ဂျာဆိုသည့်အမှတ်အသားရေးသားထားသည်ကို တွေ့ရစဉ်။ Photo : EPA


ရန်ကုန်၊ မေ ၇- ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုတွင် ကောက်ယူရန် ကျန် ရှိသော ရခိုင်ပြည်နယ်ရှိ  ရိုဟင်ဂျာဟု ဖြေ ဆိုနေသည့် ဘင်္ဂါလီများကို လူမျိုးအမည်မ မေးဘဲ သန်း ခေါင် စာရင်း ကို ဆက်လက် ကောက်ယူသွား မည်ဖြစ်ကြောင်း  ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူ ရေးကော်မတီ၏ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဦးခင်ရီက ပြော သည်။

အဆိုပါ အကြောင်းအရာကို မေ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်သည့် သန်းခေါင်စာရင်း ကောက် ယူု မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြည် ထောင်စုဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။
''ရိုဟင်ဂျာနဲ့ပတ်သက်ပြီး အစိုးရရပ် တည် ချက်ကိုတော့ ပြင်ဖို့မရှိပါဘူး။ ပြောရ မှာခက်ရင် ဘင်္ဂါလီလို့လဲမပြောနဲ့၊ ရိုဟင်ဂျာ လို့လဲ မပြောနဲ့။ လူမျိုးမေးခွန်းကိုမဖြေတဲ့ နည်းနဲ့ကြိုတင်ကြေညာပြီး ကောက်ပေး ဖို့ရှိ  ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောခြင်းဖြစ်သည်။


လက်ရှိအချိန်တွင် ကနဦး စာရင်းများ အရ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဘင်္ဂါလီ လူမျိုး ၁ဒသမ ၃၃သန်းရှိကာ ရခိုင်ပြည်နယ် တွင်  ၁၀ သိန်းကျော်နေထိုင်နေပြီး၊ ဘင်္ဂါလီ များနေထိုင်သည့် ရခိုင်ပြည် နယ် ရှိ ခရိုင်ငါးခု အနက် ခရိုင်နှစ်ခုရှိ ဘင်္ဂါလီများ လူဦးရေနှစ် သောင်းခန့်ကိုသာ လက်ရှိအချိန်အထိ စာရင်း ကောက်ယူထားနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ''နည်း ပညာပိုင်းဆိုင်ရာ အခက်အခဲအတွက် ကြန့် ကြာမှုကို သန်းခေါင်စာရင်းလုပ်ငန်း စဉ်ပြီးဆုံးပြီး ခြောက်ပတ်ကနေ၊ ရှစ်ပတ်အထိ ဆက်လက် ကောက်ယူခွင့် ပေးထား တာရှိတယ်။ မေလ ကုန်၊ ဇွန်ပထမအ ပတ်လောက် အထိ စာရင်း မပါသေးသူတွေကို စာရင်းကောက်ပေးမယ်''ဟု ပြော သည်။
အဆိုပါ ဘင်္ဂါလီများသန်းခေါင်စာရင်း ဖြည့်သွင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်တွင် ဒုတိယဝန်ကြီး ဦးဆောင်ပြီး ဆွေးနွေးမှု များ ပြုလုပ် ခဲ့သော်လည်း အဆင်မပြေခဲ့သည့်အ တွက် လာမည့်ရက်ပိုင်း အတွင်း ပြည်ထောင်စု ဝန်ကြီး ကိုယ်တိုင်သွားရောက် ထပ်မံဆွေး နွေးရန်ရှိနေကြောင်းလည်း  သိရသည်။
''မေလကုန် ဇွန်ပထမအပတ်လောက် အထိ စာရင်းဆက်ကောက်နေမှာဖြစ်ပြီး မရရင် တော့ စာရင်းပိတ်မယ်၊  ဘင်္ဂါလီ စာရင်းကို တော့ အရင်က ဒုက္ခသည်စာရင်းတွေကို စခန်း တွေမှာ လိုက် ပြီး ကောက်ထားတာ ရှိတယ်၊ ကောက်လို့မရခဲ့ရင် ခန့်မှန်းအနေနဲ့ အဲဒီစာရင်း တွေကိုပဲ ပြန်သုံးမယ်' ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။
ယင်းအပြင် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ရန်ကျန်ခဲ့သည့် ကျေးရွာအုပ်စု ၂၅စု ကိုလည်း မေလကုန်အထိ ဆက်လက်စာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေ ကြောင်း ဝန်ကြီးက ပြောသည်။
လက်ရှိကောက် ယူရရှိထားသည့် သန်း ခေါင်စာရင်းဆိုင်ရာ ပထမအဆင့်လူဦးရေခန့် မှန်းစာရင်းကို လာမည့် ဩဂုတ်လတွင် ထုတ် ပြန်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။ ''၂၀၁၄ ဩဂုတ်လထုတ်မယ့် စာရင်းကျရင် ကျား၊ မလူဦးရေ ဘယ်လောက်ဆိုတာပါမယ်၊ စာရင်းကတော့ အကြမ်းဖျင်းပါ။ စာရင်းအတိ ကျကိုတော့ လာမယ့် ၂၀၁၅ ခုနှစ် မေလမှ ထုတ်ပြန် နိုင်မှာ ပါ'' ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက် ယူမှု သမိုင်းကြောင်းအရ ၁၉၈၃ ခုနှစ် သန်း ခေါင်စာရင်းကောက်ခံမှုတွင် နိုင်ငံတစ်ဝန်း ရှိ ကျေးရွာအုပ်စုပေါင်း  ၉၂၄ အုပ်စု (ကျေးရွာ ပေါင်း ၁၀၀၀၀)  ကျော်ကို စာရင်းကောက်ခံ နိုင် ခြင်းမရှိခဲ့ဘဲ၊ ယခုအကြိမ်တွင် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၂၅အုပ်စုမှအပ နေရာအနှံ့ အပြားတွင် စာရင်းကောက်ခံနိုင်ခဲ့သည်။

Democracy today Daily Newspaper