ရန်ကုန်ရှိ မိုဘိုင်းလ် ဖုန်းဆိုင်များကို အခွန်ဘုတ်အဖွဲ့ လိုက်လံစစ်ဆေးမည်

ပို့စ်တင်ချိန် - 5/03/2014 02:04:00 PM




ရန်ကုန်၊ မေ ၂

ရန်ကုန်မြို့တော်တွင် အခွန်ပေးဆောင်ခြင်း မရှိသည့် မိုဘိုင်းလ် ဖုန်းဆိုင်များ များပြားနေကြောင်း၊ မိုဘိုင်းလ် ဖုန်းဆိုင်များကို ဇူလိုင်လမှ စတင်၍ အခွန်ဘုတ်အဖွဲ့က လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

မိုဘိုင်းလ်ဖုန်းဆိုင် ၁၀၀ ကျော်မှာ အခွန်ပေးဆောင်ခြင်း မရှိ၍ အခွန်ပေးဆောင်ရန် လိုက်လံ စစ်ဆေးခြင်း ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
“ဆိုင်ကြီးတွေရော ဆိုင်သေးတွေရော အကုန်လိုက်စစ်မှာပါ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ လိုက်လံစစ်ဆေးခြင်းမှာ မှန်ကန်သည့် ဖြေရှင်းနည်း မဟုတ်ကြောင်း Unique မိုဘိုင်းလ် ဟန်းဆက်နှင့် အပိုပစ္စည်း အရောင်းဆိုင် အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ဆန်းဦးက ပြောဆိုသည်။
“ဒီက မိုဘိုင်းလ်ဆိုင်တွေ အားလုံးက တစ်ဆင့်ခံတွေချည်းပါပဲ။ ဘယ်သူမှ တရားဝင် အခွန်ဆောင်ထားခြင်း မရှိပါဘူး။ အခွန်ပေးဆောင်မှု နည်းနေတယ် ဆိုတာလည်း မှန်ကန်တဲ့ အချက်အလက် တစ်ခုပါပဲ။ ဒါပေမဲ့ အခုလို လုပ်တာက တောခြောက်တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်းသို့ တရားမဝင် မိုဘိုင်းလ် ဟန်းဆက် ဝင်ရောက်မှု မြင့်တက်နေခြင်းကြောင့် မည်သည့် လမ်းကြောင်းမှ ဝင်ရောက်လာသည်ကို သိရှိနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မိုဘိုင်းလ်ဖုန်း အရောင်းကိုယ်စားလှယ်များနှင့် အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့တို့ ပူးပေါင်း၍ ဖော်ထုတ်နိုင်ရန် ဆွေးနွေးမှုမှာလည်း အောင်မြင်ခြင်း မရှိသေးကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

The Voice Weekly