အာရှဖလား၊ ကမ္ဘာ့ဖလားဝင်ခွင့် မျှော်လင့်ချက်များနဲ့ စည်းကမ်းပိုင်းစောင့်ထိန်းရမယ့် မြန်မာကစားသမားများ

ပို့စ်တင်ချိန် - 5/07/2014 02:27:00 PM


မြန်မာနိုင်ငံဘောလုံး သမိုင်းတစ်လျှောက် နှစ်ပေါင်း (၆၀) အတွင်း ကြုံတောင့်ကြုံခဲ အခွင့်အလမ်းတွေ ဖန် တီးရယူနိုင်မယ့် နိုင်ငံတကာပြိုင်ပွဲကြီးတွေကို လက်ရှိ မေလအတွင်းနဲ့လာမယ့် အောက်တိုဘာလအတွင်း မှာ မြန်မာလက်ရွေးစင်အသင်းတွေ ရင်ဆိုင်ရတော့မှာပါ။ မေလထဲမှာ မြန်မာ့ လက်ရွေးစင်အသင်းဟာ AFC Challenge Cup နောက်ဆုံးအဆင့်ပြိုင်ပွဲကို မော်လဒိုက်ဗ် နိုင်ငံမှာ သွားရောက် ကစားရမှာဖြစ်ပြီး တစ်ချိန်တည်းလိုလို အမျိုးသမီး လက်ရွေးစင်အသင်းကလည်း ဗီယက်နမ်နိုင်ငံမှာ အာရှ အမျိုးသမီးဖလား (AFC Women’s Asia Cup) ပြိုင်ပွဲကို သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်တမ်းအလိုက် ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းကလည်း လာမယ့် အောက်တိုဘာလထဲမှာ AFC U 19 ပြိုင်ပွဲကို အိမ် ရှင်အဖြစ် လက်ခံကစားရမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲ သုံးရပ်စလုံးဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အတွက် အထူးအရေးပါနေတဲ့ ပြိုင်ပွဲတွေလို့ ဆိုနိုင်ပြီး လက်ရှိအချိန်မှာ ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ ဒီလို ပြင်ဆင်မှုတွေ ပြုလုပ်ရတဲ့ အကြောင်းအရင်းဟာ ဒီပြိုင်ပွဲတွေမှာ ရလဒ်ကောင်းယူနိုင်ခဲ့ရင် နောက်ထပ် ဆက်လက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတွေက မြန်မာ့ဘောလုံးလောကကို အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲပေးနိုင်ဖွယ်ရှိတဲ့ ပြိုင်ပွဲ တွေ ဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။ ဒါ့အပြင် ဒီပြိုင်ပွဲ သုံးရပ်စလုံးဟာ အာရှအဆင့်ပြိုင်ပွဲတွေ ဖြစ်ပြီး တစ် နှစ်အတွင်းမတူညီတဲ့ အတန်းသုံးတန်းမှာ ၀င်ရောက်ကစားနိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲလှပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ဒီကိစ္စဟာ အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး မျှော်လင့်ချက်တွေ တောက်ပနေတဲ့ အချိန်ကာလတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် AFC Challenge Cup ပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူး နိုင်ခဲ့မယ်ဆိုရင် လာမယ့် ၂၀၁၅ ခုနှစ်၊ သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် အာရှဖလား(Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာအသင်းအတွက် ၁၉၆၈ ခုနှစ် နောက်ပိုင်း နှစ် ပေါင်းများစွာ ဝေးကွာနေတဲ့ အာရှဘောလုံးစင်မြင့်ကို ပြန်လည် တက်လှမ်းနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ရွှေခတ် မြန်မာ့လက်ရွေးစင်အသင်းဟာ ၁၉၆၈ ခုနှစ် အာရှဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ မှာ အီရန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယနေရာ ရပ်တည်နိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဟာ အရှေ့တောင် အာရှ ဒေသတွင်းမှာ မြန်မာတစ်သင်းသာ ရှိပါတယ်။ ဒါဟာ မြန်မာ့ဘောလုံးရဲ့ ပကတိ သမိုင်းမှတ်တမ်း ဖြစ်သလို၊ ဒီတာဝန်ကို လက်ဆင့်ကမ်း သယ်ဆောင်ဖို့ လက်ရှိမျိုးဆက်တွေရဲ့ ပုခုံးထက်ကို ရောက်ရှိလာ ခဲ့ပါပြီ။

ဒါပေမဲ့ အာရှတိုက်ရဲ့အမြင့်ဆုံးပြိုင်ပွဲကြီးတစ်ခုမှာ ပါဝင်ကစားခွင့်ရဖို့ဆိုတာ စိတ်ကူးယဉ်နေရုံ၊ ဆုတောင်း နေရုံနဲ့ ဖြစ်လာမှာ မဟုတ်ဘဲ ပေးဆပ်မှုများစွာ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းရဲမှသာ မျှော်လင့်နိုင်မှာ ပါ။ အထူးသဖြင့် အုပ်စုတွင်းမှာ တွေ့ဆုံရမယ့် ပြိုင်ဘက်အသင်းတွေကို ရင်ဆိုင်ဖို့ဆိုရင် စိတ်ပိုင်း၊ ရုပ်ပိုင်း အကောင်းဆုံး ပြင်ဆင်ထားဖို့လိုသလို၊ နည်းစနစ်၊ နည်းဗျူဟာပိုင်းပါ စနစ်တကျ ပြင်ဆင်ထားရမှာပါ။

အုပ်စုတွင်းမှာ အိမ်ရှင်မော်လဒိုက်ဗ်၊ ပါလက်စတိုင်း၊ကာဂျစ္စတန်အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အနည်း ငယ် အမှားအယွင်း လုပ်မိတာနဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ လက် ရွေးစင်အသင်းအနေနဲ့ ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ခြေစမ်းပွဲတွေကစားဖို့ စီစဉ်နေတာတွေ့ ရပါတယ်။ ပြီးခဲ့တဲ့ မေလ (၂) ရက်က သုဝဏ္ဏကွင်းမှာ စင်ကာပူကလပ် Singapore Lions 11 အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး (၂း၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ နည်းပြသစ်ရက်ဒီ လက်ထက် ပထမဆုံးနိုင် ပွဲဖြစ်ခဲ့ပြီး အသင်းအနေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

လက်ရွေးစင်အသင်းအနေနဲ့ နောက်ထပ် ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံကို သွားရောက်ကာ ထိုင်းကလပ် အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ထပ်မံကစားဖို့ စီစဉ်နေပြီး အဲဒီခရီးစဉ် ပြီးမှသာ နောက်ဆုံး လူစာရင်းကို အပြီးသတ် ရွေးချယ်မယ်လို့ သိရပါတယ်။တကယ်တော့ မြန်မာ့လက်ရွေးစင်အသင်းဟာ AFC Cha-llenge Cup ပြိုင်ပွဲမှာ အတွေ့အကြုံ အတော်အတန် ရရှိထားတဲ့အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ နဲ့ ၂၀၁၀ အကြိမ်တွေမှာ အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့မှတ်တမ်း ရှိပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားလို အာရှအင်အားကြီးအသင်းကို မကျော်နိုင်ခဲ့ဘဲ စတုတ္ထနေရာနဲ့ နှစ်ကြိမ်ဆက် ကျေနပ်ခဲ့ရပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားအသင်းဟာ ပြီးခဲ့တဲ့အကြိမ်က ချန်ပီယံဖြစ်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ ပါဝင် ကစားမှာ မဟုတ်တဲ့အတွက် မြန်မာအသင်းအတွက် အခွင့်အလမ်းတွေ ပွင့်လာတယ်လို့ ဆိုနိုင်ပါတယ်။ အုပ်စုတွင်းပြိုင်ဘက်တွေရဲ့ ခြေအဆင့်အတန်းအရလည်း ကွာခြားမှုမရှိလှတာကြောင့် ပွဲတိုင်းကို ဖိဖိစီးစီး ကစားနိုင်ခဲ့မယ်ဆိုရင် အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင်အသင်းမှာ ရွေး ချယ်ထားတဲ့ ကစားသမားတွေကိုကြည့်ရင် Challenge Cup ပြိုင်ပွဲကိုကစားဖူးတဲ့ ကစားသမားတွေ ပါဝင် နေသလို၊ မျက်နှာသစ် လူငယ်ကစားသမားတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာ အသင်းဟာ လူကြီးလူငယ် ပေါင်းစပ်ထားတဲ့ မျှတတဲ့အသင်းလို့ဆိုနိုင်ပြီး ပြိုင်ပွဲမှာ ရလဒ်ကောင်းယူနိုင်ဖို့ အကောင်းဆုံး စုဖွဲ့မှုအဖြစ် သုံးသပ်ရပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အတွက် နောက်ထပ်ကြီးမားတဲ့ ဒုတိယ မျှော်လင့်ချက်တစ်ခုက အာရှ အမျိုးသမီး ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ၀င်ရောက် ယှဉ်ပြိုင် မှာဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင် တရုတ်နိုင်ငံမှာ စခန်းဝင် လေ့ကျင့်ခြေစမ်းမှုတွေ ပြုလုပ်နေပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဒီပြိုင်ပွဲကို အလွယ်တကူ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တာမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မေလထဲမှာ ခြေစစ်ပွဲတွေ ကစားခဲ့ရပြီး အဲဒီ ခြေစစ်ပွဲအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့လို့ သာ ယခုလို အာရှအမျိုးသမီး ဖလားပြိုင်ပွဲကို ၀င်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပ မှာဖြစ်ပြီး ထိပ်ဆုံးငါးသင်းဟာ လာမယ့် ၂၀၁၅ ခုနှစ် ကနေဒါနိုင်ငံမှာကျင်းပမယ့် ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှ ဇုန်ကနေ ၀င်ရောက်ကစားခွင့်ရမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အာရှအမျိုးသမီး ပြိုင်ပွဲမှာ အာရှ အင်အားကြီးအသင်းတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်အသင်းတွေသာ ကြီးစိုးထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဆိုရင်လည်း ဒီအသင်းတွေသာ ပုံမှန်ဝင်ခွင့်ရနေတာ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မြောက်ကိုရီးယားအသင်း ဟာ ပြီးခဲ့တဲ့ ၂၀၁၁ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်သင်းလုံး တားမြစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ ပြစ် ချက် နဲ့ ကမ်္ဘာ့ဘောလုံးအဖွဲ့ချုပ် င်္ှုင်္ဗ ပြိုင်ပွဲ ၀င်ရောက်ကစားခွင့် ပိတ်ပင်ခဲ့တာကြောင့် လစ်လပ်သွားတဲ့ မြောက်ကိုရီးယားနေရာမှာ အာဆီယံအသင်းတွေအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာခဲ့ တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းဟာ အာရှအင်အားကြီး တောင်ကိုရီးယား၊ တရုတ်၊ ဒေသတွင်းမဟာ ပြိုင်ဖက် ထိုင်းစတဲ့ အမျိုးသမီးအသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ခက်ခဲတဲ့စမ်းသပ်မှုတွေ မလွဲမသွေ ကြုံ တွေ့ရဖွယ် ရှိနေပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးအသင်းအနေနဲ့ တစ်ပွဲချင်းစီအတွက် တိကျသေချာ တဲ့ ပွဲစဉ်အစီအမံ (Game Plan) ကို ပြင်ဆင်ထားဖို့ လိုပါတယ်။ အထူးသဖြင့် အုပ်စုတွင်း ရင်ဆိုင်ရမယ့် တောင်ကိုရီးယားနဲ့ တရုတ်အသင်းကို ဂိုးပြတ်မရှုံးဖို့နဲ့ ရသလောက် ဂိုးသွင်းယူနိုင်ဖို့ ပြင်ဆင် ထားရမှာဖြစ် ပြီး အုပ်စုတတိယနေရာအတွက် ဒေသတွင်း ထိုင်းအသင်းကို မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်ပါတယ်။ဒီလို အနိုင်ရမှသာ တစ်ဖက်အုပ်စုက တတိယနေရာရ အသင်းနဲ့ နောက်ဆုံးအဆုံးအဖြတ် (Play-Off) ပွဲ ကို ကစားရမှာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်ဟာ အမျိုးသမီးကမ္ဘာ့ဖလားအတွက် လက်ကျန်ဝင်ခွင့် တစ်နေရာကို သတ်မှတ်ပေးမှာဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးသမိုင်းတစ်လျှောက် နှစ်ပေါင်း ၆၀ ကျော် အတွင်း ပထမဆုံးပေါ်ပေါက်လာတဲ့ အခွင့် အလမ်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအသင်းဟာ အဲဒီ လက်ကျန်နေရာကို ပိုင်ဆိုင်နိုင်ဖို့ ဒေသ တွင်းအသင်းတွေဖြစ်တဲ့ ထိုင်းနဲ့ဗီယက်နမ်ကို ကျော်ဖြတ်နိုင်မှသာ ဖြစ်နိုင်မှာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ရင်ဆိုင်ခဲ့ရတဲ့ပြိုင်ပွဲတွေမှာ ဒေသတွင်းအသင်းတွေကို အသာမရခဲ့မှုဟာ ဒီပြိုင်ပွဲ အတွက် ဖိအားတွေ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပါတယ်။

အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့အိမ်ရှင်အာဆီယံအမျိုးသမီး ပြိုင်ပွဲတတိယနေရာ လုပွဲမှာ ဗီယက်နမ်အသင်း ကို အရှုံးပေးခဲ့ရသလို၊ ဆီးဂိမ်းအုပ်စုတွင်းမှာလည်း (၀း၁) နဲ့ ထပ်မံ အရှုံးပေးခဲ့ရပါတယ်။ အလားတူ ထိုင်း အမျိုးသမီးအသင်းကိုလည်း ဆီးဂိမ်း ဆီမီးဖိုင်နယ်အဆင့်မှာ သာမန်ပွဲချိန်အတွင်း (၁း၁) ဖြစ်ခဲ့ပြီး ပင်နယ် တီအဆုံးအဖြတ်မှာ (၁၀း၁၁) ဂိုးနဲ့ အလျှော့ပေးခဲ့ရပါတယ်။ ဒါ ကြောင့် ဒီတစ်ကြိမ် အာရှဖလားပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ ရှုံးကြွေး အကြေ အလည်ပေးဆပ်ပြီး ကနေဒါကို အရောက် လှမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးပြိုင်ပွဲက မြန်မာနိုင်ငံမှာ လက်ခံကစားမယ့် အာရှယူ ၁၉ (AFC U 19 Championship) ပြိုင်ပွဲ ဖြစ်ပါတယ်။ အာရှ ယူ-၁၉ ပြိုင်ပွဲ အုပ်စုမဲခွဲပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီလ (၂၄) က Park Royal ဟို တယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ ယူ- ၁၉ အသင်းဟာ အီရန်၊ ယီမင်၊ ထိုင်းစတဲ့ ယူ-၁၉ အသင်းတွေနဲ့ အုပ်စု (က) မှာ ပါဝင်ခဲ့ပါတယ်။ ပြိုင်ပွဲကို အောက်တိုဘာလ ၉ ရက်ကနေ ၂၃ ရက်အထိ ရန်ကုန်နဲ့ နေ ပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ရောက် ထိပ်ဆုံးလေးသင်းဟာ လာမယ့် ၂၀၁၅ ခုနှစ် နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှဇုန် ကိုယ်စားပြု ၀င်ရောက်ကစားခွင့်ရ မှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာယူ-၁၉ အသင်းအနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ပေါ်ပေါက်လာတဲ့ အခွင့်အလမ်း ကို အမိအရယူနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ ကျန်ခဲ့တဲ့ ဧပြီလအတွင်းမှာ အာရှ ဖလားပြိုင် ပွဲဝင် အသင်းတစ်သင်းဖြစ်တဲ့ ဂျပန် ယူ-၁၉ အသင်းကို အိမ်ကွင်းမှာ ဖိတ်ခေါ်ခြေစမ်းခဲ့ပြီး မောင်မောင်စိုးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီခြေစမ်းပွဲ အနိုင်ရလဒ်ဟာ ယူ-၁၉ အသင်းအတွက် များစွာအဓိပ္ပာယ်ရှိခဲ့ပြီး အာရှအင်အားကြီး ဂျပန်အသင်းကို နှစ်ပေါင်း ၃၀ ကျော်မှာ ပြန်လည် အနိုင်ရရှိခဲ့ တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ယူ- ၁၉ အသင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ယုံ ကြည်မှုကို အကောင်းဆုံး တည်ဆောက်နိုင်ခဲ့ပြီး အထောက်အကူ ရရှိစေခဲ့ပါတယ်။

ပြိုင်ပွဲအတွင်း အုပ်စုအဆင့်မှာ အာရှ အင်အားကြီးအသင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ဆီမီးဖိုင်နယ် အဆင့် တက်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေပြီး အသင်းကို အထူးတလည် ပြင်ဆင်နေတာ တွေ့ရပါတယ်။ ယူ-၁၉ အသင်းဟာ ပြိုင်ပွဲပြင်ဆင်ချိန် ငါးလအတွင်း ဥရောပနိုင်ငံတွေအထိ သွားရောက်ပြီး လေ့ကျင့်ခြေ စမ်းဖို့ စီစဉ်နေတာ တွေ့ရပါတယ်။ ယူ-၁၉ အသင်းဟာ မြန်မာလက်ရွေးစင်အသင်းတွေအနက် ဥရောပ ကို ပ ထမဆုံးအကြိမ် သွားရောက်လေ့ကျင့် ခြေစမ်းတဲ့အသင်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပြီး အဲဒီခရီးစဉ် က ပြိုင်ပွဲအပေါ် ဘယ်လောက် အတိုင်းအတာအထိ အထောက်အပံ့ပေးနိုင် မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြိုင်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေက အင်မတန် အရေးပါလှပြီး ဒီ ပြင်ဆင်မှုတွေကပဲ လက် ရွေးစင်အသင်းတွေရဲ့လားရာကို ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို ပြင်ဆင်မှုတွေထဲမှာ မြန် မာလက်ရွေးစင် အသင်းတွေအတွက် အဓိကထား ပြင်ဆင်ရမယ့်ကိစ္စက ကစားသမားတွေရဲ့ စည်းကမ်း ပိုင်း ဖြစ်ပါတယ်။ မြန်မာကစားသမားတွေဟာ ကွင်းတွင်းကွင်းပြင် စည်းကမ်းလိုက်နာမှုနဲ့ ပတ်သက်ရင် နာမည်ကြီး ကြပါတယ်။ ဒီဘက်ခေတ် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ မြန်မာကစားသမားတွေရဲ့ စည်ကမ်း ဖောက်ဖျက်မှုက ပရိသတ်တွေ လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။ ၁၉၉၅ ချင်းမိုင် ဆီးဂိမ်းပြိုင်ပွဲကအစ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းက ကစားခဲ့တဲ့ ၂၀၁၄အာရှ ယူ-၂၂ ပြိုင်ပွဲအဆုံး နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာကစား သမားတွေ ပွဲချိန်အတွင်း အထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီလို ထုတ်ပယ်ခံရတဲ့ ဖြစ်ရပ်တွေကို လေ့လာကြည့်မယ်ဆိုရင် အသင်းအတွက် စွမ်းစွမ်းတမံ ကာကွယ် ရင်း ထုတ်ပယ်ခံရတဲ့ ဖြစ်ရပ်မျိုးက အင်မတန်ရှားပါးပြီး ဖြစ်ရပ်အများစုက ကစားသမားတွေ ဥပဒေ စည်း ကမ်းဖောက်ဖျက်မှုကြောင့် ထုတ်ပယ်ခံရတဲ့ ဖြစ်ရပ်က ပိုများပါတယ်။ ဒါဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့သတိထားရမယ့် အရေးကြီးဆုံးအချက်ဖြစ်ပြီး ကစားသမားတစ်ဦး စည်းကမ်းဖောက်လို့ ထုတ်ပယ် ခံ လိုက်ရပြီဆိုတာနဲ့ လက်ရှိပြင်ဆင်မှုတွေ၊ ကမ္ဘာ့ဖလားဝင်ခွင့် မျှော်လင့်ချက်တွေ အားလုံးဟာ သဲထဲရေ သွန်သလိုအဖြစ်မျိုး ကြုံတွေ့ရမှာပါ။ ဒါကြောင့် ခြေစွမ်းပိုင်းအပြင် စိတ်ဓာတ်စည်းကမ်းပိုင်းပါ အသားကျနေ အောင် ပြင်ဆင်ထားဖို့ လိုနေပြီး ကစားသမားတွေကို ကြိုတင်သတိပေးမှုတွေ ပြုလုပ်ထားဖို့ လိုအပ်ပါ ကြောင်း အပြုသဘော တင်ပြလိုက် ရပါတယ်။

Mizzima Burmese