ဟူးလ်စီးတီးနှင့် မန်နေဂျာတို့ကို အိမ်သာကုမ္ပဏီတစ်ခု ဂုဏ်ပြုရန်စီစဉ်

ပို့စ်တင်ချိန် - 5/18/2014 08:02:00 AM





ယခုရာသီ ဟူးလ်စီးတီး အသင်းကို တန်းမဆင်းရအောင် ကူညီခဲ့သည့် FAဖလား ဗိုလ်လုပွဲ အဆင့်ထိ ဦးဆောင်မှု ပေးခဲ့သည့် မန်နေဂျာ စတိဗ်ဘရုစ်၏ စွမ်းဆောင်မှုများကို FAဖလား ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂုဏ်ပြုသွားရန် ဟူးလ်ရှိ ကုမ္ပဏီ တစ်ခုက ထူးထူးခြားခြား စီစဉ်နေပြီ ဖြစ်သည်။ သို့သော်လည်း အဆိုပါ အစီအစဉ်ကို ကာယကံရှင် ဘရုစ်အနေဖြင့် အတန်ငယ် ကသိကအောက် ဖြစ်ဖွယ်ရှိသည်။

စနေနေ့တွင် အာဆင်နယ်နှင့် FAဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရန် ပြင်ဆင်လျှက်ရှိသော ဟူးလ်အသင်းသည် ယင်းပွဲစဉ်ကိုသာ အနိုင်ရခဲ့ပါက ယခုရာသီ အကောင်းဆုံး ဖြတ်သန်းမှုမျိုး ပိုင်ဆိုင်ခဲ့သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ ဟူးလ်တွင် အခြေစိုက်သည့် Ideal Standard ကုမ္ပဏီကမူ ၎င်းတို့၏ ထုတ်ကုန်များတွင် ဘရုစ်နှင့် ဟူးလ်အသင်းတို့ကို ဂုဏ်ပြုသည့် အမှတ်အသား သင်္ကေတများ ထည့်သွင်းရန် ပြင်ဆင်နေသည်။ ပြဿနာမှာ တစ်ခုသာရှိသည်။ အဆိုပါ ထုတ်ကုန်များမှာ အိမ်သာကမုတ်များ ဖြစ်နေခြင်းဟု သိရသည်။

Ideal Standardကမူ အိမ်သာခွက် အဖုံးတွင် ဘရုစ်၏ပုံကို ထည့်သွင်းရိုက်နှိပ် ရောင်းချသွားမည်ဟု ဆိုသည်။ အသင်းကိုလည်း ဂုဏ်ပြုသည့် အနေဖြင့် အသင်း၏ သင်္ကေတဖြစ်သော အနက်နှင့် လိမ္မော်ကျား ဒီဇိုင်းမျိုး အိမ်သာဖုံးများကိုလည်း ဒီဇိုင်းထုတ်သွားရန် ကုမ္ပဏီက လုပ်ဆောင်လျှက် ရှိသည်။ ယင်းအစီအစဉ်သည် ဘရုစ်နှင့် ဟူးလ်အသင်းတို့ကို ဂုဏ်ပြုခြင်း သက်သက်အတွက် ရည်ရွယ်ကြောင်းလည်း သိရသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ လုပ်ဆောင်မှုအရ ဟူးလ်မြို့ရှိ အိမ်သာအတော်များများတွင် ဘရုစ်ကို တွေ့မြင်ရမည့် အခြေအနေ ရှိနေကြောင်းလည်း သတင်းအချို့က အရွှမ်းဖောက် ရေးသားသွားခဲ့ကြသည်။

Planet Myanmar NEtwork