ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် မှတ်ပုံတင်ကြေး ကျပ် (၃) သိန်းသို့ လျှော့ချ သတ်မှတ်

ပို့စ်တင်ချိန် - 5/21/2014 03:24:00 PM


ရွေးကောက်ပွဲဝင်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပေးအပ်ရမည့် မှတ်ပုံတင်ကြေးကို ကျပ်သုံးသိန်းသို့ လျှော့ချသတ်မှတ် လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ သတင်း ရရှိသည်။ ယခင်က ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းပေးဆောင် ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပါတီတွေ တွေ့ဆုံပွဲမှာ သတ်မှတ်လိုက်တာပါ။ ကော်မရှင် ဥက္ကဋ္ဌကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပါတီတွေကို တရားဝင် ပြောထားပါတယ်။ နည်းဥပဒေ မှာ ပြင်တာဆိုတော့ ဒီကိစ္စကို ထုတ်ပြန် သွားမှာပါ ဟု ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က The Messenger သတင်းစာသို့ ပြောသည်။

ယခုလ(၁၅) ရက်နေ့က ရန်ကုန်မြို့ ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ပြီး အချို့သော နိုင်ငံရေးပါတီ များက လွှတ်တော် ကိုယ်စာ လှယ် မှတ်ပုံတင်ကြေးအား ကျပ်ငါးသိန်းမှ တစ်သိန်း အထိ လျှော့ချပေးရန် တောင်းဆိုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက The Messenger သတင်းစာသို့ ပြောသည်။

တစ်သိန်းဆို ပိုကောင်းတာပေါ့ဗျာ။ ရွေးကောက်ပွဲဝင်ရောက်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့က ရွေးကောက်ပွဲ ၀င်ကြေး သုံးသိန်းက မများပါဘူး။ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးလို့ ကုန်ကျမယ့် ငွေကြေးက ပိုများတယ်။ ဒီလို လျှော့ချပေးတဲ့ အတွက် ပါတီတွေအတွက် ကောင်းတာပေါ့။ ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စားလှယ်တွေ အတွက် ပိုကောင်းတာပေါ့ ဟု ဦးခင်မောင်ဆွေ က ဆက်ပြောသည်။ လစ်လပ်နေသော မဲဆန္ဒနယ် (၃၀) အတွက် ကြားဖြတ် ရွေးကောက်ပွဲအား ဒီဇင်ဘာလ ပထမပတ်ခန့်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

Messenger News Journal