သွားကြမလားကွဲ့ ခုနစ်မိုင်စခန်းဆီ

ပို့စ်တင်ချိန် - 5/09/2014 05:22:00 PM


 မန္တလေးမြို့သူ၊ မြို့သားများ အတွက်တပေါင်းလ ရွှေစာရံဘုရား ပွဲတော် အခါမျိုးမှာ ဘုရား ပွဲတော် သွားရင်း မလုပ်မဖြစ်လုပ်လေ့ ရှိတဲ့ အရာ တစ်ခုကတော့ ဒုဋ္ဌဝတီမြစ်ထဲကို ရေဆင်း ချိုးကြ တာပါပဲ။

အေးစိမ့်လှတဲ့ ဒုဋ္ဌဝတီမြစ် ရေထဲ တစ်ကိုယ်လုံး စိမ်လိုက်ရပြီဆို အပန်းတွေပြေ သွားရုံသာမက စိတ်ရော လူပါ လန်းဆန်းသွားတာ ကြုံဖူးသူတိုင်း အသိပါ။ အရင်က ဒုဋ္ဌဝတီမြစ်ရေကို ပွဲတော်ရက် ရောက်မှသာ စိမ်နိုင်ပါတယ်။ ခုတော့ အမြဲတမ်း စိမ်နိုင်နေပါပြီ။

  ဒုဋ္ဌဝတီမြစ်ရေကို စိတ် ကြိုက်စိမ်နိုင်ဖို့ အပန်းဖြေစခန်း တစ်ခုပေါ်လာပါပြီ။ အဲဒီနေရာ လေးကတော့ ဒုဋ္ဌဝတီမြစ်ဘေး မှာပဲရှိတဲ့ ခုနစ်မိုင်ဆိုတဲ့အပန်းဖြေ စခန်းပါပဲ။

  ခုနစ်မိုင်အပန်းဖြေစခန်း ဟာ ပုသိမ်ကြီးမြို့နယ်က ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကိုသွား ရာလမ်းပေါ်မှာရှိပါတယ်။ မန္တလေး -ပြင်ဦးလွင်လမ်းပေါ်ကနေ ခုနစ် မိုင်လောက်သွားရင်ရောက်တာမို့ ခုနစ်မိုင်အပန်းဖြေစခန်းလို့ခေါ်ပါ တယ်။ အပန်းဖြေစခန်းသို့သွား ရာလမ်းတစ်လျှောက် ဘေးဘီဝဲ ယာမှာ တောင်တန်းတွေကပြည့် နေတာမို့ မျက်စိပသာဒဖြစ်လှပါ တယ်။ အပန်းဖြေစခန်းကိုရောက် ရင် ဝင်ကြေးအဖြစ် လူတစ်ဦး ငါးရာကျပ်ပေးဆောင်ရပါတယ်။ ဝင်ကြေးပေးပြီးရင်တော့ အပန်းဖြေစခန်းထဲမှာ စိတ်ကြိုက်အနားယူလို့ရပါပြီ။

ဒုဋ္ဌဝတီမြစ်ရေက ရေစီးသန် လှတာမို့ မြစ်ထဲကရေတွေကို ဘေးမှာကန်ကြီးတစ်ခုအသွင် သွယ်ယူထားပါတယ်။ အဲဒီကန် ထဲမှာ ရေဆော့ကစားရမှာပါ။ မြစ်အတိမ်ပိုင်းကို ဝင်ရောက်လို့ရပေမယ့် ရေနက်ပိုင်းတွေကိုတော့ အန္တရာယ်များလှတာမို့ ကြိုးတွေနဲ့ တားထားပါတယ်။ ဒုဋ္ဌဝတီမြစ်က ရေစီးသန်လှတာမို့ သတ်မှတ်ထားတဲ့ဧရိယာမှာပဲ   ရေကစားဖို့၊ ကျောက်တုံးတွေရှိတဲ့အတွက် ရေကန်ထဲကိုဒိုင်ဗင်မပစ်ဖို့၊ ငါးနှစ်အောက်ကလေးတွေ Life Jacketဝတ်ဖို့ အပန်းဖြေစခန်းက အသိပေးထားပါတယ်။ အရက်၊ ဘီယာတွေကိုယူဆောင်မလာဖို့နဲ့ သောက်မယ်ဆိုရင်လည်း လူမြင်ကွင်းမှာမတ်တတ်ရပ်ပြီး မသောက်ဖို့ကိုလည်း သတိပေးထားပါသေးတယ်။

မြစ်ဘေးမှာ ကိုယ့်အစုအဖွဲ့ နဲ့ကိုယ်နားနေနိုင်ပြီး  ရေထဲမှာ ဆော့ကစားလို့ရမယ့်ခြေနင်းလှေ၊ ဘဲလှေစတဲ့ အပျော်စီးလှေတွေ လည်းငှားရမ်းနိုင်ပါတယ်။နောက် ပြီး Banana လို့ခေါ်တဲ့ ငှက်ပျော သီးပုံစံ အပျော်စီးယာဉ်ပေါ်မှာ ထိုင်ပြီး ရှေ့ကစက်လှေက ဒုဋ္ဌဝတီမြစ်ထဲဆွဲခေါ်ပေးသွားတဲ့ ကစားနည်းတွေလည်း  ရှိပါသေး တယ်။  စင်တင်မျက်လှည့်ဖျော် ဖြေပွဲတွေလည်းမကြာခဏတင် ဆက်ပေးနေတယ်လို့ အပန်းဖြေ စခန်းတာဝန်ရှိသူတွေက ဆိုပါ တယ်။

အပန်းဖြေစခန်းက အခုမှ ဆောက်လက်စမို့ အရိပ်ရတဲ့ နေရာက နည်းနေပါသေးတယ်။ သွားရောက်အပန်းဖြေရင် နေပူ ကြီးထဲကလာရတာမို့ ချက်ချင်း ကြီးရေထဲမဆင်းဖို့တော့လိုပါ တယ်။ တားမြစ်ထားတဲ့နေရာတွေ ကိုကျော်လွန်မသွားဖို့ကလည်း အရေးကြီးပါတယ်။ တစ်ခုခုထိ ခိုက်ဒဏ်ရာရတာပဲဖြစ်ဖြစ်၊ အသက်အန္တရာယ်ဖြစ်တာပဲဖြစ် ဖြစ် စခန်းကတာဝန်မယူဘူးလို့ အသိပေးထားလို့ပါပဲ။ နောက်ပြီး အပန်းဖြေစခန်းကိုလာတဲ့လမ်းက ကွန်ကရစ်လမ်းကျဉ်းလေးဖြစ်ပြီး ကားတွေ၊ ဆိုင်ကယ်တွေက အမြန်မောင်းတတ်ကြတာမို့ ယာဉ်အန္တရာယ်သတိပြုဖို့လည်းလိုအပ် ပါသေးတယ်။

ခုနစ်မိုင်အပန်းဖြေစခန်း နေရာဟာ မိုးတွင်းရေကြီးချိန်မှာ ရေနစ်မြုပ်လေ့ရှိတာကြောင့် တစ် နှစ်မှာ နှစ်ရာသီသာ စခန်းဖွင့်ထားမယ်လို့သိရပါတယ်။ဒါကြောင့် မိသားစုလိုက်အပန်းဖြေဖို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ လည်ချင်ပတ်ချင်လို့ပဲ  ဖြစ်ဖြစ် သွားလာဖို့သင့်လျော်တဲ့ ခုနစ်မိုင်အပန်းဖြေစခန်းကို သွားရောက်ကြည့်ဖို့  ဒီတစ်ပတ်ညွှန်းဆိုလိုက်ပါတယ်။

Author: ညီညီဇော်
7Day Daily


ဓာတ်ပုံ - ညီညီဇော် / 7Day Daily