အလွတ် ကျက်ခြင်း ပြဿ နာနှင့် ကျူ ရှင်၏ အကျိုး သက်ရောက်မှု

ပို့စ်တင်ချိန် - 5/04/2014 07:11:00 AM


ကျောင်းသားတို့ မိမိတို့ဘာသာ လေ့လာရန်ဖြစ်သော အရွယ်နှင့်လိုက်သည့် လေ့လာစရာများကို ကိုယ်တိုင် လေ့လာရင်း အကြောင်းပြုချက်များအပေါ် ထိတွေ့ ဆောင်ရွက်ဖန်များ၍ သိသည်ထက် သိလာ၍ သိမှုများပြား လာသောကြောင့် မေးသမျှ အကုန်သိနေခြင်းသည် အရွယ်အလိုက် သိသင့်သည်များကို မိမိကိုယ်တိုင် မည်မျှသိအောင် လေ့လာနေသည်ကို ရောင်ပြန်ဟပ်ရန်သာ လိုသည်။ မည်မျှသိသလဲ မေးခြင်းသည် မည်မျှကိုယ်တိုင် လေ့လာထားသလဲသာ သိလို၍ ဖြစ်သည်။ မည်မျှထိတွေ့မှု ရှိသလဲဟု အရွယ်အလိုက် သိရမည့်အရာများနှင့် မည်မျှရင်းနှီးနေသလဲ၊ မည်မျှထိတွေ့မှု ရှိသလဲ ဆိုတာကို ဖော်ထုတ်ခြင်း ဖြစ်သည်။ မည်မျှ အလွတ်ကျက်ထားသလဲကို မေးခြင်းမဟုတ်။

အလွတ်ကျက်၍ အကုန်ဖြေနိုင်ခြင်းသည် ဤအကြောင်းပြုချက်နှင့် အတူနေတာများ၍ သိနေခြင်းမဟုတ်။ အတူနေတာများ၍ သိနေခြင်းများကို အချက်အလက်ပြုစု စုစည်း၍ အလွတ်ကျက် ထားခြင်းသာ ဖြစ်သည်။ ဖြည်းဖြည်း စဉ်းစားကြပါ။ အရေးကြီးပါသည်။ လွယ်လွယ်လေးနဲ့ ခက်ကုန်၏။ နီးနီးလေးနှင့် ဝေးကုန်၏။ ကျောင်းသား၏ မူလဘူတ လုပ်ငန်းမှာ လေ့ကျင့်စဉ်များ၊ စဉ်းစားစရာများ အားလုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ရန်ဖြစ်သည်။ အဓိကမှာ အလုပ်လုပ်ချိန်နှင့် စဉ်းစားရန် ဖြစ်သည်။ ထိုအလုပ် လုပ်ရန်များနှင့် စဉ်းစားစရာများကို ဆရာတို့က ပံ့ပိုးဖန်တီး စီစဉ်ပေး၏။ အလုပ် လုပ်ရန်များသည် မလုပ်ဖူးသော အလုပ်များနှင့် မလုပ်ပြီးသေးသော အလုပ်များ ဖြစ်၍ သေချာပေါက် ခက်ခက်ခဲခဲ လုပ်ကြရမည်။ စဉ်းစားစရာများကို ဆရာများက ဖန်တီးပံ့ပိုးသည့်အခါ စဉ်းစားစရာ အားလုံးသည် ပြဿနာများ၊ အခက်အခဲများသာ ဖြစ်ချေသည်။ ဤပြဿနာ အခက်အခဲများကို အသက်နှင့် လျော်ညီသော ပြဿနာနှင့် အခက်အခဲများဖြစ်အောင် ဆရာအတတ်ဖြင့် စီမံပြီးဖြစ်သည်။ ကျောင်းသားတို့က ကျန်အခက်အခဲ ပြဿနာများကို ကိုယ်တိုင် ရှင်းလင်းနေခြင်းသည် လေ့ကျင့်စဉ် အခက်အခဲ ရှိနိုင်သေးသော်လည်း သူတို့၏ အတွေ့အကြုံက သင်ပြမှုဖြင့် သေချာပေါက် ကျော်ဖြတ်နိုင်ကြသည်။ မိဘများ စိတ်မပူရပေ။ ပေးခက်ခဲပါ။ ပေးကျော်ဖြတ်ပါ။ ပြဿနာများ သူတို့ကိုယ်တိုင် ပေးရှင်းပါ။ ပြဿနာကို မည်သူမျှ ဝင်ရှင်းပေးရန် မလိုအပ်။

ဒါသည် ပြဿနာတက်နေခြင်း မဟုတ်။ လေ့ကျင့်စဉ်၏ လုပ်ငန်းပိုင်းတစ်ခုသာ ဖြစ်သည်။ ကျောင်းသားများ သူတို့၏ ဦးနှောက်ကို သုံးပါစေ။ ပေးသုံးပါ။ သုံးတိုင်း ထက်မြက်လာကြလိမ့်မည်။ ပေးမသုံးရင် တုံးတုံးလာကြလိမ့်မည်။ ဤသို့ မူကြိုမှစ၍ မလုပ်တတ်သည်များကို ကြိုးစားလုပ်ကိုင်ရင်း မလုပ်တတ်သည်များကို လုပ်တတ်အောင် ကြိုးပမ်းနိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်လာကြလိမ့်မည်။ မူကြိုမှစ၍ တက္ကသိုလ်အထိ ပြဿနာ အခက်အခဲများကို ကိုယ်တိုင် (ကိုယ်တိုင်) ဖြေရှင်းရင်း တစ်နေ့ လူ့ဘဝ ပြဿနာများ အားလုံးကို ကိုယ်တိုင်ဖြေရှင်း လာနိုင်သောသူများ၊ ကိုယ့်ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းရန် ကြိုးပမ်းလာနိုင်သော နိုင်ငံသားများ ဖြစ်လာလိမ့်မည်။ အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးများ လျော့လာမည်၊ သို့တည်းမဟုတ် ရှိသမျှ လူများ၏ ပြဿနာကို အစိုးရရှင်းဟူ၍ ဖြစ်လာခဲ့ပြီး ဖြစ်နေဆဲဖြစ်၏။ ပညာရေး စနစ်က ပုံပြုလိုက်သည့် ပုံစံအတိုင်း ဖြစ်လာမည်။ အရာရာ အစိုးရရှင်း အတွေး အခေါ်ဖြစ်ပေါ်လာ၏။ အရာရာ အစိုးရရှင်းမှသည် ကိုယ့်ပြဿနာကိုယ်ရှင်း ဖြစ်လာစေရန် ကမ္ဘာ့နိုင်ငံများအားလုံး ပညာရေးတွင် လေ့ကျင့်နေကြသည်။ ကိုယ့်ကျန်းမာရေး ပြဿနာ ကိုယ်ရှင်းရာတွင် တတ်နိုင်သရွေ့ ကျန်းမာအောင်နေရန်၊ နေတတ်ရန် လိုအပ်သည်။ ဟုတ်သည်။ အရာရာ ကိုယ့်ပြဿနာ ကိုယ်ရှင်း၍ မရ။ အစိုးရက တာဝန်ရှိသည့် အပိုင်းများလည်း ရှိသည်။

ကိုယ့်ကျန်းမာရေး ပြဿနာ ကိုယ်ရှင်းရန်အတွက် အထက်တွင် တင်ပြခဲ့သလို စဉ်းစားတတ်လာသော အသိဉာဏ်ကြောင့် ကျန်းမာအောင်နေမှ ဖြစ်မည်ကို သိလာကြလိမ့်မည်။ ကျန်းမာအောင် စားချင်လာသည်ကို မစားဘဲ နေနိုင်လာလျှင်၊ သောက်ချင်သော်လည်း မသောက်ဘဲ နေနိုင်လာလျှင် ကျန်းမာသင့်သလောက် ကျန်းမာလာကြမည် ဖြစ်သော်လည်း ဤကြားထဲမှ ကံတရားကြောင့် ကျန်းမာရေး ချို့ယွင်းလာပါက ကုသပေးနိုင်ရန် အစိုးရမှ ဆေးရုံများ ဆေးဝါးများ၊ ဆရာဝန်များ၊  ဆေးဝန်ထမ်းများ အဆင်သင့် ထားပေးရန် လိုပါသည်။ ပြောလိုသည်မှာ နိုင်ငံသားများလည်း စဉ်းစားနိုင်လာ၍ လည်းကောင်း၊ မိမိအတ္တဖြင့်လည်းကောင်း တတ်နိုင်သရွေ့ ကျန်းမာအောင် နေထိုင်တတ်လာလျှင် အစိုးရ၏ ကျန်းမာရေးအတွက် ဝန်ထုပ်ဝန်ပိုး နည်းလာမည်။ ဟုတ်ပါသည်။ ကျန်းမာအောင် ကြိုးစားနေထိုင်သည့်ကြားမှ ဖြစ်လာနိုင်သော ရောဂါ ဝေဒနာများကို စောင့်ရှောက်ပေးနိုင်ရန် အစိုးရက အများပြည်သူတို့ ထည့်ဝင်ထားသော အခွန်ငွေများကို အသုံးပြု၍ အထက်ဖော်ပြခဲ့သလို ကျန်းမာရေး စောင့်ရှောက်မှု ပြုရန်ဖြစ်သည်။

ငယ်စဉ် ကတည်းက ကျောင်းများတွင် ကျန်းမာစွာ နေတတ်အောင်ကျင့်သော ပညာရေးစနစ် မဟုတ်ဘဲ ဂုဏ်ထူးရအောင်ချည်း အလွတ်ကျက် ကျူရှင်တက် အရဖြေ ဂုဏ်ထူးရ ပညာရေးကြောင့် ကျန်းမာအောင် မနေတတ်သူများ များများလာသောအခါ ထိုတိုင်းပြည်အစိုးရ ဒုက္ခရောက်တော့သည်။ ဘတ်ဂျက်လည်း မသုံးနိုင်။ မကျန်းမာသူကများ၊ ဆေးရုံ မပြည့်စုံနိုင်တော့၊ ဆေးဝါးများလည်း မထောက်ပံ့နိုင်တော့၊ ဆေးဝန်ထမ်းများလည်း မည်မျှ မွေးထုတ်ထုတ် မလောက်နိုင်တော့။ စနစ်တကျ ရှင်း၍ရသည့်ကိစ္စ ရှုပ်ကုန်တော့၏။ မလုပ်တတ်လျှင် လုပ်သမျှအကုန်ခက်၏။ လွယ်ကူသောအလုပ် မဟုတ်သော်ငြားလည်း လုပ်ရင်ရသော အလုပ်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ လက်စွဲရည်မှန်း ချက်နှစ်ခု၌ ပညာရေး လေ့ကျင့်မှုမှတစ်ဆင့် ကျန်းမာချမ်းသာသော နိုင်ငံသားများ ဖြစ်လာစေရေးဟူ၍ ဖြစ်ပါသည်။

နိုင်ငံတစ်ခုတွင်ရှိသော လူဦးရေအားလုံး တက်ရောက်နိုင်သည့် အကုန်ဆံ့အောင် လုံလောက်သော ဆေးရုံများ ဘယ်နည်းနှင့်မျှ ပံ့ပိုးရန် မဖြစ်နိုင်။ ကျန်းမာအောင် နေထိုင်သည့်ကြားမှ ဖြစ်လာသမျှ လူနာတို့ကိုသာ နိုင်ငံသားတို့ကသာ စောင့်ရှောက်ရလျှင် ကျန်းမာရေးစရိတ် ကျဆင်းလာမည်။ ပညာရေးတွင် စရိတ် ဘတ်ဂျက် ပိုသုံး၍ရသည်။ စားအုန်းဆီ သွင်းပြီးမှ စားအုန်းဆီ မစားရန်၊ စားလျှင် နှလုံးသွေးကြော ကျဉ်းတတ်သည်ဟု ကျန်းမာရေးဌာနမှ လိုက်ပညာပေးရသည်။ အကောင်းဆုံး တားဆီးမှုက ကုန်သွယ်ရေးမှ စားအုန်းဆီအား ပေးမသွင်းလျှင် အကောင်းဆုံး။ ပြည်တွင်းဆီဖူလုံမှု ရှိအောင် အခြားဝန်ကြီးဌာနတို့ ပူးပေါင်းရမည်ကို နားလည်သည်။ ဥပမာတစ်ခုသာ ဖြစ်သည်။

ဆေးလိပ်အရက် လုပ်ငန်းများ သောက်သောက်လဲ မြတ်စွန်းသည်။ ပုဂ္ဂလိက ချမ်းသာကြွယ်ဝမှု မြင့်မားသည်မှာ ကောင်းပါသည်။ လူတစ်ဦးချင်း ချမ်းသာတော့ နိုင်ငံလည်း ချမ်းသာသည်ဖြစ်၏။ သို့သော် ၎င်းဆေးလိပ် အရက်တို့ကြောင့် ဖြစ်လာသော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများအတွက် ကျန်းမာရေးဝန်ကြီးဌာန အပြစ်ပုံကျတော့၏။ သူမကုပေးနိုင်၍ သူ့ကိုအပြစ် ပုံချတော့၏။ သူ မကုပေးနိုင်၍ ရောဂါ ဖြစ်သည်မဟုတ်။ ဆေးလိပ်နှင့် အရက်ကြောင့် ရောဂါဖြစ်သည်။ ဆေးလိပ် အရက် ဘာကြောင့်သောက် စိတ်မထိန်းနိုင်လို့သောက်၊ စိတ်ဘာကြောင့် မထိန်းနိုင် အသိဉာဏ် အဆင့်နိမ့်၍ ဖြစ်သည်။ အသိဉာဏ်အဆင့် ဘာလို့နိမ့် အသိဉာဏ် အဆင့်ကို မမြှင့်ခဲ့၍နိမ့်၊ အသိဉာဏ် အဆင့်ကို ဘယ်လိုမြှင့်၊ အသိဉာဏ် အဆင့်ဆိုသည်မှာ စဉ်းစားနိုင်ခြင်း။ စဉ်းစားနိုင်ခြင်း ကောင်းလာအောင် အကောင်းဆုံး လေ့ကျင့်ခန်းမှာ စဉ်းစားခြင်း သို့မဟုတ် များများစဉ်းစားလေလေ အသိဉဏ် ကောင်းလေလေ၊ အသိဉာဏ် ရင့်ကျက်လေလေ။ ထို့ကြောင့် ဘာလို့ အသိဉာဏ် အဆင့်နိမ့်၊ များများမစဉ်းစားခဲ့လို့။

ဘာလို့ များများမစဉ်းစားခဲ့ကြလဲ၊ များများစဉ်းစားဖို့ အခွင့်အရေးမရခဲ့လို့။ ဘယ်မှာ မရခဲ့တာလဲ၊ ငယ်ငယ်ကတည်းက။ ဘာ့ကြောင့် များများစဉ်းစားဖို့ အခွင့်အရေး မရခဲ့တာလဲ၊ မိဘနဲ့ ဆရာက မပေးခဲ့လို့။ မိဘနဲ့ဆရာက ဘာလို့များများ စဉ်းစားခွင့် မပေးခဲ့တာလဲ၊ ကိုယ်တိုင် စဉ်းစားနေရင်ကြာလို့ ကျူရှင်ဆရာ သို့မဟုတ် အတန်းဆရာများက ဘယ်လို လုပ်ရမယ်ဆိုတာ အကုန်လုံးပြောပြခဲ့လို့ ကိုယ်တိုင် စဉ်းစားစရာ မလိုတော့ဘဲ အချိန်တိုတိုအတွင်း ပုစ္ဆာများ ဘယ်လိုတွက်ရင် အဖြေရတယ်ဆိုတာ သိလာတယ်။ ကိုယ်တိုင် စဉ်းစားနေရင် တန်းစဉ် ရီပို့ကတ်တွေမှာ မင်နီတွေနဲ့ပါမယ်။ ဒါ့ ကြောင့် များများစဉ်းစားဖို့ အခွင့်အရေး မရခဲ့ကြဘူး။ သူများပြောပြလို့ ပုစ္ဆာကို ဘယ်လိုတွက်ရင် အဖြေထွက်မလဲ ဆိုတာတော့ ကောင်းကောင်း သိကြခြင်းသည် ပြဿနာကို ရှင်းတတ်လာခြင်း မဟုတ်။ ဘဝတွင် လိုအပ်သော အရည်အသွေး လက္ခဏာများအနက် တစ်ခုမှာ ပြဿနာ ရှင်းလင်းနည်းပင် ဖြစ်သည်။ ဘဝတွင် ပြဿနာဟူသည် ပြီးသွားသည် မရှိ။ တစ်ခုရှင်းလျှင်လည်း လာမှာတွေကလည်း ရှိသေးသည်။

ထို့ကြောင့် ငယ်စဉ်ကတည်းက ကျောင်းသားများအား ကိုယ်တိုင် စဉ်းစားခွင့်ပေးရန် လိုသည်၊ အရေးကြီးသည်။ ဤသို့မလုပ်မချင်း ငယ်စဉ်က ကျောင်းမှာ ဆေးမြီးတို (ကျူရှင်) နှင့် ရှင်း၍ရသော်လည်း ကြီးပြင်း လာကြသောအခါ ဆေးမြီးတိုဖြင့်ရှင်း၍ မရတော့။ တိုင်းပြည်၏ အဓိက အခက်အခဲများ ဖြစ်လာ၏။ ပြဿနာ အရင်းကို ကြည့်ရန်လိုသည်။ ပြဿနာ မူရင်းက ပညာရေးမှာ။ သို့မဟုတ်ပါက တစ်ပြည်လုံး ဆရာဝန် ဖြစ်ရင်တောင် ဆရာဝန်များ ထပ်လိုနေဦးမည်သာ ဖြစ်သည်။

ILBC တင်မောင်ဝင်း (The Voice)