အာရှနိုင်ငံများ စစ်မဟာမိတ်ဖွဲ့မှု တရုတ်သမ္မတသတိပေး

ပို့စ်တင်ချိန် - 5/22/2014 08:42:00 PM


ဘေဂျင်း၊ မေ ၂၀

တရုတ်နိုင်ငံကိုတန်ပြန်ရန် အာရှ နိုင်ငံများ စစ်မဟာမိတ်ဖွဲ့မှု ပူးပေါင်းမှုမှာ ဒေသတွင်းလုံခြုံရေးကို ကောင်းကျိုး ဖြစ်ထွန်းစေမည်မဟုတ်ဟု တရုတ် သမ္မတရှီကျင့်ဖျင်က သတိပေးပြောကြား လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

စစ်မဟာမိတ်ဖွဲ့မှုကို သတိပေး ပြောကြား လိုက်သော်လည်း ဒေသတွင်း နယ်မြေ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဟု သမ္မတရှီကျင့်ဖျင်က ကတိပြုလိုက်သည်။

“တတိယ အင်အားစုတစ်ရပ်ကို ပစ်မှတ်ထားပြီး စစ်ရေး မဟာမိတ်ဖွဲ့မှုက ဒေသတွင်း ဘုံလုံခြုံရေးရာ ထိန်းသိမ်းမှုကို အပြုသဘော မဆောင်ပါဘူး” ဟု ရှီက မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားလိုက်သည်။
အမေရိကန်နှင့် လုံခြုံရေးရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် အာရှဒေသတွင်း နိုင်ငံများက လုပ်ဆောင် လာကြပြီးနောက် တရုတ်သမ္မတ၏ မှတ်ချက်ပေးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း သွားရောက်ခဲ့သည့် အာရှဒေသ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားက ဂျပန်၊ ဖိလစ်ပိုင် စသည့်နိုင်ငံများနှင့် မဟာမိတ်ဖွဲ့ ပူးပေါင်းမှုကို ထပ်မံအတည်ပြုလိုက်ပြီး အာရှနှင့် ပစိဖိတ်ဒေသသို့ မဟာဗျူဟာရေးရာအရ ပြောင်းရွှေ့ အခြေစိုက်မည်ဟု ကတိပြုခဲ့သည်။
ယင်းကဲ့သို့သော လုပ်ဆောင်ချက်များမှာ အင်အားကြီးထွားလာသော တရုတ်နိုင်ငံ၏ အင်အားကြီးထွားမှုကို တန်ပြန်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အများက ယူဆထားသည်။

တရုတ်နှင့် နယ်မြေ အငြင်းပွားမှု ဖြစ်ပေါ်နေသော ဗီယက်နမ်နိုင်ငံ၏ ဒုတိယသမ္မတ အပါအဝင် ဂျပန်၊ ဖိလစ်ပိုင် စသည့်နိုင်ငံပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ်များရှေ့တွင် စစ်ရေး မဟာမိတ်ဖွဲ့မှုကို တရုတ်သမ္မတက သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

တောင်တရုတ် ပင်လယ်တွင်းရှိ နယ်မြေပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့ကြား တင်းမာမှုများ ပေါ်ပေါက်နေသလို အရှေ့တရုတ် ပင်လယ်တွင်းရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး ဂျပန်နှင့် တရုတ်ကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

စစ်အေးခေတ်ကာလ လုံခြုံရေးရာ အယူအဆများဖြစ်သော အကြွင်းသုည သဘောတရားမှာ လက်ရှိခေတ်နှင့် ဆီလျော်ခြင်း မရှိဟု တရုတ်သမ္မတက ပြောကြားသည်။

အာရှနိုင်ငံများ စစ်မဟာမိတ်ဖွဲ့မှုကို တရုတ်သမ္မတက သတိပေး ပြောကြား ထားသော်လည်း အမေရိကန်နိုင်ငံကိုမူ တိုက်ရိုက် ရည်ညွန်းပြောကြားမှု မတွေ့ရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly