အမြန်လမ်း ခရီးသည်များအား အသက်အာမခံကြေး စတင်ကောက်

ပို့စ်တင်ချိန် - 5/18/2014 04:18:00 PM


ယာဉ်တိုက်မှုနှင့်ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်နေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား သွားလာနေသောခရီးသည်များအတွက်
အမြန်လမ်းမကြီးများဆိုင်ရာ အသက်အာမခံ လက်မှတ်များအား ကားဂိတ်များနှင့် ကုမ္ပဏီများပေါင်းကာ စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကမြန်မာအာမခံလုပ်ငန်းများသို့ ညွန်ကြားခဲ့ခြင်းကြောင့် ယင်းကဲ့သို့လုပ်ဆောင် ခြင်းဖြစ်ပြီး  အမြန်လမ်းမကြီးများဆိုင်ရာ
အသက်အာခံလုပ်ငန်း မှ တာဝန်ရှိသူအရောင်းဝန်ထမ်းတစ်ဦးက မေလ ၁၈ ရက် က ပြောသည်။

“တချို့ခရီးသည်တွေကတော့ နားလည်တယ်၊ ပြောစရာသိမ့်မလိုဘူး တစ်ခါထဲဝယ်သွားတယ်၊  တချို့ခရီးသည်တွေကျတော့ အစောကြီးထဲက ဒီလမ်းဟာ
နမိတ်မကောင်းပါဘူးဆိုနေမှ မင်းတို့ဒီလိုရောင်းနေရင် ငါတို့ပါ နမိတ်မကောင်း ဘူးဆိုပြီးတော့ ပြောကျတဲ့သူတွေတောင်ရှိတယ်”ဟု အမြန်လမ်းမကြီးများဆိုင်ရာ
အာမခံလက်မှတ်ရောင်းချနေသူ ဝန်ထမ်းတစ်ဦးကဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း အထူးခရီးသွားအာမခံကြေးသည် ရန်ကုန်မြို့ပြင်ပ မိုင် ၁၀၀ မှ စတင်ကာ အကျုံးဝင်မည်ဖြစ်ပြီး အဆိုပါအမြန် လမ်းပေါ်တွင်
ယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခြင်းပါက အသက်အာမခံကြေးထားရှိသူသည် အသက်သေဆုံးပါက နစ်နာကြေးငွေ သိန်း ၃၀ ဒဏ်ရာရှိခဲ့ပါက ၂၄ သိန်းအား
အာမခံထားရှိသည့်ကုမ္ပဏီမှ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“သေဆုံးတာဆိုရင်တော့ အာမခံကြေး  ၃၀ သိန်းရမှာမှာပါ။ ဒဏ်ရာရရုံသက်သက်ပဲဆိုရင်တော့ ၂၄ သိန်းပါ” ဟု အထက်ပါဝန်ထမ်းတစ်ဦးကဆိုသည်။

အဆိုပါအာမခံလက်မှတ် တစ်စောင် ၃၀၀ အား အချို့သောကားဂိတ်များသည် လတ်မှတ်ဝယ်ယူအချိန်တွင် လက်မှတ်ဖိုးထဲ၌ ထည့်သွင်းသွားမည်ဖြစ်ပြီး အချို့သော
ကားဂိတ်များသည် ခရီးသည်အားမေးမြန်းပြီးမှသာ ဖြတ်တောက်သွားမည်ဖြစ်ကြောင်းသိရသည်။

“အရင်ထဲက အာမခံကြေးဆိုပြီးတော့ ၁၀၀ ကောက်ခဲ့တာရှိတယ်။ ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ခရီးသည်ဆီကမတောင်းခဲ့ဘူး”ဟု ရာဇာမင်း ခရီးသည်ပို့ဆောင်ရေးမှ
ဦးစိုးဝင်းအောင် ကဆိုသည်။

ယင်းလက်မှတ်များအား အဝေးပြေးဂိတ်အားလုံးတွင် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

နှင်းနွယ်
The Myanma Age