၄၈ အထူးယာဉ်လိုင်း အမျိုးသမီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲမည်

ပို့စ်တင်ချိန် - 5/22/2014 04:10:00 PM

photo credit: ကုမုဒြာ


ရန်ကုန်၊ မေ ၂၁

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်းများအနက် လက်ရှိ ပြေးဆွဲလျက် ရှိသော ရန်ကုန်ကွန်ပျူတာတက္ကသိုလ်-ဆူးလေ-ဗိုလ်တစ်ထောင် အထိ ပြေးဆွဲနေသည့် ၄၈ အထူးယာဉ်လိုင်းမှ ယာဉ်အချို့တွင် အမျိုးသမီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အသုံးပြု ပြေးဆွဲခွင့်ကို ခွင့်ပြုပေးသွားရန် ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မ.ထ.သ- မြို့တွင်း) ဒုတိယဥက္ကဋ္ဌ ဦးမင်းဇော်က ပြောကြားသည်။

အမျိုးသမီးယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲခြင်းမှာ မ.ထ.သ ယာဉ်လိုင်းများမှ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ယာဉ်ပိုင်ရှင် ဦးသက်တင်ဝင်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြေးဆွဲခွင့် တင်ထားကြောင်း ၎င်းက အတည်ပြု ပြောကြားပြီး မည်သည့် ယာဉ်လိုင်းမဆို ယင်းသို့ ခွင့်တောင်းပါက ခွင့်ပြုပေးမည် ဖြစ်ကြောင်း ပြောဆိုသည်။

အမျိုးသမီးယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲခြင်းဖြင့် မော်တော်ယာဉ် စက်ပျက်ခြင်း၊ ဘီးပေါက်ခြင်းတို့တွင် အခက်အခဲများ ကြုံတွေ့နိုင်သော်လည်း ခရီးသည်များကို ယဉ်ကျေးပျူဌာစွာ ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ပြီး လက်ရှိ စမ်းသပ် ပြေးဆွဲနေစဉ်တွင်လည်း အဆင်ပြေ အောင်မြင်သည်ဟု သိရှိရကြောင်း ၎င်းကဆိုသည်။

ဧပြီလ ၂၃ ရက်မှ စ၍ မ.ထ.သ ၄၈ အထူးယာဉ်လိုင်းအဖြစ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်-ဆူးလေ-ဗိုလ်တစ်ထောင်အထိ ခရီးစဉ်ကို ခရီးသည်တင်ယာဉ် ၁၃ စီးတွင် အမျိုးသမီး ယာဉ်နောက်လိုက်များဖြင့် စမ်းသပ်ပြေးဆွဲခဲ့ကြောင်း အဆိုပါ ယာဉ်လိုင်းပိုင်ရှင် ဦးသက်ဝင်းက ဆိုသည်။

အမျိုးသမီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ပြေးဆွဲသည့် ယာဉ်လိုင်း ရှိလာပါက အမျိုးသမီးများအတွက် ပို၍ လုံခြုံမှု ရှိမည်ဟု ယုံကြည်ကြောင်း အင်းစိန်-တာမွေ-ဆူးလေ-ဗိုလ်တစ်ထောင် ခရီးစဉ် စီးနင်းလေ့ ရှိသည့် အမျိုးသမီး ခရီးသည်တစ်ဦးက ပြောကြားသည်။

မ.ထ.သ ၄၈ ယာဉ်လိုင်းတွင် မောင်းနှင်ရန် တရားဝင် လိုင်စင်ရရှိပြီး အသက် ၂၀ မှ ၄၀ အတွင်းရှိ အမျိုးသမီးများ လာရောက် လျှောက်ထားနိုင်ကြောင်း၊ ပညာအရည်အချင်း ကန့်သတ်ထားခြင်း မရှိကြောင်းနှင့် အသက် ၃၀ ကျော် အမျိုးသမီးများအား ဦးစားပေးမည် ဖြစ်ကြောင်း လက်ရှိအချိန်တွင် အမျိုးသမီးယာဉ်မောင်း လျှောက်ထားသူများ မရရှိသေးကြောင်း ဦးသက်ဝင်းက ဆိုသည်။

အမျိုးသမီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲမည် ဖြစ်သော်လည်း ခရီးသည်များကိုမူ အမျိုးသမီး သီးသန့်အဖြစ် သတ်မှတ်မည် မဟုတ်ဘဲ ပို၍ ဝန်ဆောင်မှုကောင်း ပေးနိုင်မည့် ယာဉ်လိုင်း ဖြစ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယခင်က အမျိုးသမီးခရီးသည် သီးသန့်စီးယာဉ်လိုင်း ပေါ်ပေါက်ခဲ့ဖူးပြီး အမျိုးသမီး ယာဉ်နောက်လိုက် အသုံးပြုမှု ရှိခဲ့ဖူးသည်။ သို့ရာတွင် အမျိုးသမီးယာဉ်မောင်းဖြင့် ပြေးဆွဲမှု မရှိသေးပေ။

(ယုယထွေး)
The Voice Weekly