မတည်မြဲခြင်းအကြောင်း ထူးဆန်းစွာ တရားပြခဲ့သည့် ဘုန်းတော်ကြီးများ

ပို့စ်တင်ချိန် - 5/04/2014 07:12:00 AM





သန်းပေါင်းများစွာသော သဲပွင့်လေးများကို စိတ်ရှည်လက်ရှည် နေရာချပြီး လှပပြောင်မြောက်သည့် အနုပညာလက်ရာတစ်ခုအဖြစ် ဖန်တီးရန်မှာ မလွယ်ကူလှချေ။


မဟာယန ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးအချို့တို့သည် နာရီပေါင်း ၃၀ ကြာ အချိန်ယူပြီး အလွန်လှပသည့် ရောင်စုံသဲပန်းချီ အနုပညာတစ်ရပ်ကို ပူးပေါင်း ဖန်တီးခဲ့ကြသည်။ အဆိုပါလက်ရာ အပြီးသတ်အောင်မြင်သွားချိန်တွင်မူ ဘုန်းတော်ကြီးများက
လေဖြင့်မှုတ်ကာ ဖျက်ဆီးပစ်လိုက်ကြသည်။ အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ်ရှိ ဒဲလက်စ်မြို့တွင် ပြုလုပ်ခဲ့သော
အဆိုပါသရုပ်ပြမှုသည် အဆုံးတစ်နေ့တွင် မည်သည့်အရာမျှ မတည်မြဲနိုင်ကြောင်း တရားသဘောကို လက်တွေ့မြင်သာစေသည့် တရားပြမှုလည်းဖြစ်သည်။ တိဘက် ဒေသနှင့် ဆက်စပ်နေသည့် အိန္ဒိယနိုင်ငံ၊ ကာနာတက်ကာပြည်နယ်၊ ဒရီပွန်လိုဆီ လင်း ဘုန်းတော်ကြီးကျောင်းမှ ကမ္ဘာလှည့် တရားပြဘုန်းတော်ကြီးများက ယခု တရားပြမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အလွန်လှပစွာ ဖန်တီးပြုလုပ်ထားသည့် အရာများပင်လျှင် ခဏတာအချိန်လေးအတွင်း ပျက်စီးသွားနိုင်ကြောင်း ဆရာတော်
များက ညွှန်ပြဆုံးမခြင်းလည်းဖြစ်သည်။

ဘုန်းတော်ကြီးများသည် Mystical Arts of Tibet ဆိုသောအမည်ဖြင့် ကမ္ဘာလှည့်ခရီးထွက်ပြီး တရားပြနေခြင်းဖြစ်သည်။ ၎င်းတို့၏ စိတ်ကူးစိတ်သန်းကို ဒလိုင်းလားမားကိုယ်တော်ကြီးနှင့် ဟောလီးဝုဒ်မင်းသား ရစ်ချတ်ဂီရီတို့ကဲ့သို့ နာမည်ကျော် ပုဂ္ဂိုလ်များက ချီးကျူးထားကြသည်။ ဘုန်းတော်ကြီးများသည် စက္ကူပေါ်တွင် ပုံကြမ်း မျဉ်းကြောင်းများရေးဆွဲပြီး မှတ်တမ်းယူ ဓာတ်ပုံရိုက်နေသူများရှေ့တွင် ရောင်စုံသဲ ပွင့်များကိုအသုံးပြုကာ အလွန်လှပသည့် ပန်းချီလက်ရာတစ်ခုကို စိတ်ရှည်လက်ရှည်
ဖန်တီးခဲ့ကြသည်။ စိတ်ရှည်ခြင်း၊ အနုစိတ်ခြင်းတို့ဖြင့် ဖန်တီးထားမှု ပြီးမြောက်သည့် အခါတွင်မူ ကိုယ်တိုင်ပင် ပြန်လည်ဖျက်ဆီးကာ တရားပြကြခြင်းဟု သိရသည်။

ကြည့်ရှုနေသူတစ်ဦးက “ဘုန်းတော်ကြီးတွေက လှုပ်ရှားတာ သိပ်ငြင်သာတယ်။ အဖွဲ့လိုက် ညီညွတ်သလို အသက်ရှူတဲ့အခါမှာလည်း အရမ်းကိုနူးညံ့တယ်။ အပြန်အလှန် နားလည်မှုလည်း သိပ်ပြီးကောင်းမွန်တယ်” ဟုမှတ်ချက်ပြုခဲ့သည်။ ဘုန်းတော်ကြီးတစ်ပါးက “ဒီဖန်တီးမှုရဲ့ အနှစ်ကတော့ အပြီးသတ် အောင်မြင်မှုတစ်ခုရဲ့ နောက်မှာ ဘာမှမရှိနိုင်ကြောင်းကို သင်ပြပေးချင်တာပါပဲ။ အရာရာတိုင်းရဲ့ ဖြစ်တည် မှုအခြေအနေကို သင်ယူခွင့်ရဖို့က အရေးကြီးပါတယ်။ သက်တမ်းကုန်တဲ့ တစ်နေ့ ရောက်ရင် ကိုယ်တော်တို့ရဲ့ ရုပ်ခန္ဓာတွေအပါအဝင် အရာရာဟာ ပျက်သုဉ်းသွားမှာပဲ ဖြစ်ပါတယ်။ ဘယ်အရာမှ ထာဝရတည်မြဲနေမှာ မဟုတ်ပါဘူး” ဟု မိန့်ကြားသွားခဲ့သည်။

Planet