အန်ကယ်လပ်ကီး - ဇာဂနာ

ပို့စ်တင်ချိန် - 5/04/2014 10:36:00 PM




အမှန်ကတော့ သေမှမလွမ်းချင်။ ကျွန်တော် ထောင်ထဲရှိနေစဉ် ကျွန်တော့် အဖေရော အမေပါ ကွယ်လွန်သွားကြသည်။ အဖေ့ကိုလွမ်းသော၊ အမေ့ကို တမ်းတသောစာတွေ ကျွန်တော် မရေးဖြစ်ခဲ့။ ကျွန်တော့်မိဘနှစ်ပါးသည် သူတို့ဝန်တာ ကျေခဲ့ပြီ။

အန်ကယ်လပ်ကီးဟု ကျွန်တော်တို့က ချစ်စနိုးခေါ်သော ဦးဝင်းတင်သည် ကျွန်တော်တို့ အားလုံးကို ထားခဲ့ပြီ။ မွေးကတည်းက သေဖို့ပါလာကြပြီး ဖြစ်သည်။ အန်ကယ်လပ်ကီးသည်လည်း သေရမည်။ ကျွန်တော်လည်း သေရဦးမည်။ သို့ သော် အန်ကယ်လပ်ကီးကား သူ့ဝန်တာကျေခဲ့ပြီ။

၁၉၈၈ ခုနှစ်၏ သြဂုတ်လဆန်းမှာ ဘားလမ်းထဲက စပယ်ဦး ဦးတင်စိုးရုံးခန်းထဲ လူတွေစုံကြသည်။ စာပေနှင့် အနုပညာရှင်များ စုပေါင်း လက်မှတ်ထိုးဖို့ ဆိုသည်။ ဦးဆောင်သူက ဦးဝင်းတင်။ ထိုစဉ်က သူနှင့်ကျွန်တော် ငြင်းခုန်ရဖူးသည်။ ကျွန်တော်က အနုပညာရှင်များ အဖွဲ့ (ဒါမှမဟုတ်) အနုပညာရှင်များ သမဂ္ဂလို့ ကင်ပွန်းတပ်ချင်သည်။ အန်ကယ်လပ်ကီးက ပြုံးပြုံးလေးနှင့် ခေါင်းခါသည်။ စာပေက ရှေ့မှာရှိရမည် ဟုဆိုသည်။ ဘကြီးအောင် (ဦးအောင်လွင်)၊ ဘကြီးမိုး(ဦးမိုးသူ)၊ ဦးဝင်းခက်တို့က ခေါင်းတညိတ်ညိတ်။ သို့ဖြင့် ၁၉၈၈ခုနှစ် သြဂုတ်လ (၂၂)ရက်နေ့မှာ စာပေနဲ့ အနုပညာရှင်များ သမဂ္ဂသည် လမ်းမပေါ် ရှေ့ဆုံးက နေရာယူခဲ့လေသည်။

စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းပြီးလို့ ဘာလုပ်ရမှန်း ဘာကိုင်ရမှန်းမသိ ဖြစ်နေသော ကျွန်တော်တို့ကို ဆွဲခေါ်လိုက်သူကလည်း အန်ကယ်လပ်ကီး။ NLD ပါတီဖွဲ့တော့မှာမို့ အားလုံးကို ပါတီ ၀င်စေချင်ကြောင်း သူခေါ်ပြောသည်။ သူ့စကားက ၀င်ပါလို့ တိုက်တွန်းတာ မဟုတ်၊ ၀င်စေချင်တာ လို့ဆိုသည်။ ကျွန်တော်က ပါတီ နိုင်ငံရေး မလုပ်ချင်ဘူးဟု ခါးခါးသည်းသည်း ငြင်းသော်လည်း သူက အပြုံးမပျက်။ စဉ်းစားဖို့ကိုသာ ပြောသည်။ အန်ကယ်လပ်ကီးနှင့် ကျွန်တော့် မိဘနှစ်ပါးက မောင်ရင်းနှမတွေလို ခင်ကြသည်။ သူက ဖေဖေ့ကို ပြောလေ့ရှိ၏။ ဒီကောင်က စာဖတ်တယ်၊ အပြောကောင်းတယ်၊ အသံလည်း သြဇာရှိတယ်။ နိုင်ငံရေး လုပ်ရမယ်တဲ့။ ဆရာနန်း (ကျွန်တော့် အဖေကို အန်ကယ် လပ်ကီးက ဆရာနန်းဟု ခေါ်လေ့ ရှိသည်) ဆရာ့သားကို တိုက်တွန်း ဗျာတဲ့။ ဖေဖေက ကျွန်တော့်ကို ကြိမ်ဖန်များစွာ နားချသော်လည်း ကျွန်တော် နားမထောင်ခဲ့။ ခုထက်ထိလည်း နားမထောင်။

၁၉၈၉မှာ ကျွန်တော် ပထမအကြိမ် ထောင်ထဲက လွတ်လာတော့ အန်ကယ်လပ်ကီးနှင့် တွေ့ရပြန်သည်။ NLDပါတီဝင် လျှောက်လွှာလေး ထိုးပေးပြီး တစ်ခါတည်း ပုံစံဖြည့်လိုက်ဟု ပြောလာသည်။ အနားမှာ ဦးတင်ဦး နှင့် ဦးဝင်းထိန်ရှိသည်။ ကျွန်တော် မဖြည့်ဖြစ်ခဲ့။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ကျွန်တော် ဒုတိယအကြိမ် ထောင်ထဲရောက်တော့ အန်ကယ်လပ်ကီးက ဆီးကြိုနေပြီ။ နာမည်ပြောင် ပေးရတာ ၀ါသနာပါသော ကျွန်တော်က ဦးဝင်းတင်ကို အန်ကယ်လပ်ကီးဟု အမည် ပေးခဲ့သည်။ အမှန်ကတော့ သူ့အခန်းက နံပါတ်(၇)။ ဒီတော့ အင်္ဂလိပ်အယူအရ Sevenသည် Lucky Number။ ထို့ကြောင့် အန်ကယ်လပ်ကီးဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ပညတ်သွားရာ ဓာတ်သက်ပါလေသည်လားမသိ။ နာမည်မှဲ့ပြီး များမကြာမီမှာပင် အန်ကယ်လပ်ကီး (အူကျ)တော့၏။

ထောင်ထဲမှာ ညနေဘက်ဆိုလျှင် အိမ်သတိရ ရောဂါ ထတတ် ကြသည်။ မင်းကိုနိုင်နှင့် ကျွန်တော်က အငယ်ဆုံးဆိုတော့ တစ်ယောက် တစ်လှည့် သီချင်းဆိုကြရ၏။ အန်ကယ်လပ်ကီး အမြဲတမ်း ဆိုခိုင်းသည့် သီချင်းကား နွေနှောင်းဝသန် ဖြစ်သည်။ ကျွန်တော်က အန်ကယ်လပ်ကီးရာ သက်လျာဓါတုရော ရှိလို့လား ဆိုတော့ ရယ်သည်။ အန်ကယ်ကြီး ဦးတင်အောင်က အန်ကယ်လပ်ကီး နင်နေပြီဟု သတိပေးရသည်။ အန်ကယ် လပ်ကီးက လူပျိုကြီးမို့ အထင်မသေးပါနဲ့ဟု ပြန်နောက်သည်။ မည်သို့ပင်ဆိုစေ သူ့အသွေးအသားထဲမှာ သီချင်းတွေ၊ ကဗျာတွေ စီးဆင်းနေသည်။ ဆရာ ဒဂုန်တာရာ၏ ကဗျာတွေကို သူရွတ်ပြ၏။

မိုးကုပ်ကုပ်ဝယ်၊
အို ရုတ်တရက်
မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊
ဟ ဟ လာပြီး
မိုးပြာကိုဖြတ်
ပတ္တမြားရည်
စီးလည်အဟုန်
နီမြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး။
ဝိုးတ၀ါးနေ့၊ ၀ိုးတ၀ါးညတွေကို ကျော်ဖြတ်သန်းရင်း ၁၉၉၄မှာ ကျွန်တော် ထောင်က လွတ်လာသည်။ အန်ကယ် လပ်ကီးကတော့ ကျန်ရစ်ခဲ့၏။ ကျွန်တော့ မေမေက အန်ကယ်လပ်ကီး ကြိုက်တတ် တာလေးတွေ ချက်ချက် ပို့ပေးခဲ့သည်။ ထောင်ထဲမှာ ထောင်ပြန်ကျသော မြန်မာနိုင်ငံ၌ အန်ကယ် လပ်ကီး ထောင်သက် ရှည်ခဲ့လေသည်။

၂၀၀၇ ခုနှစ် သံဃာ အရေးတော်ပုံ ဖြစ်တော့ ကျွန်တော် ထောင်ထဲ ရောက်ရပြန်သည်။ အန်ကယ်လပ်ကီးက ခုတော့ နံပါတ် (တစ်)အခန်း ရောက်နေပြီ။ စာတွေ ဖတ်နေပြီ။ ရေဒီယို(FM) နားထောင်နေပြီ။ တစ်ခေါင်းလုံးလည်း ဖွေးလို့။ သွားတွေလည်း မကောင်းတော့။ ထောင်ကပေးသော အသားပုံစံကို သူမစားနိုင်။ ဒါပေမဲ့ မပျက်မကွက် သူယူသည်။ သူ့အတွက် မဟုတ်။ သူမွေးထားသော ဇောက်ထိုးနဲ့ မိုးမျှော် အတွက် ဖြစ်သည်။ ဇောက်ထိုးနဲ့ မိုးမျှော်က ကြောင်ကလေး နှစ်ကောင်။ ထူးသည်က ကျီးကန်းတစ်ကောင်ပါ ရှိသည်။ အန်ကယ်လပ်ကီး လမ်းလျောက် ထွက်လျှင် ကြောင်နှစ်ကောင်နှင့် ကျီးကန်းက နောက်က တကောက်ကောက်။ ကျီးနှင့်ကြောင် ရန်မလုပ်ကြ။ ကျွန်တော်က အန်ကယ်လပ်ကီးရာ ဘယ်လိုမှ မတည့်တဲ့ ကျီးနဲ့ကြောင်ကိုတောင် တည့်အောင် လုပ်နိုင်သေးရင် တပ် နဲ့ NLD ဘာလို့ မတည့်နိုင်ရတာလဲလို့ မေးတော့ ရယ်သည်။ ဒါက တိရိစ္ဆာန် ဆိုတော့ ကိုယ့်စကား နားထောင်တယ်ဟလို့ ပြောကာပြောကာ ရယ်သည်။

မနက်ဆိုလျှင် အန်ကယ်လပ်ကီးက စောစောထ လမ်းလျှောက်သည်။ ဦးအေးဇော်ဝင်း၊ ကိုအေးနေ၀င်း တို့နှင့် လမ်းလျှောက်ဖော် လျှောက်ဖက်၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်က ကော်ဖီ၊ ရေနွေးကြမ်းတို့ဖြင့် ဧည့်ခံသည်။ သတိုးသားလောင်း သီချင်းကို ဦးနေ၀င်းက စာသားရေးပေးတာ ဟူသော ခေါင်းစဉ်နှင့် ဆွေးနွေးဖြစ်ကြတော့ လူကြီးတွေ သီချင်းဆိုကြ တော့သည်။ ကျွန်တော်က နိုင်ငံရေး သမားတွေ ဂီတ ၀ါသနာ ပါတာကို ခေါင်းစဉ်တင်လိုက်တော့ နှစ်ယောက်လုံး သဘော တွေ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းရော၊ သခင်စိုးပါ ဂီတ ၀ါသနာပါပုံကို ပြောဖြစ်သည်။ သို့ဖြင့် မနက်စာ ထမင်းစား ချိန်သာ ရောက်သွားသည်။ စကားဝိုင်းက အမျှင်မပြတ်။ အမှန်က အန်ကယ် လပ်ကီးနှင့် အန်ကယ် ဦးဝင်းအောင်တို့ အရင်နေ့က စကား တစ်ခွန်း အဖုအထစ် ဖြစ်ခဲ့ဖူးသည်။ အန်ကယ် ဦးဝင်းအောင်က ဒေါ်အောင်ဆန်းစုကြည်သည် Impulsive ဖြစ်သည်ဟု ဝေဖန်လိုက်ရာ အန်ကယ်လပ်ကီးက ထိုစကားလုံးအပေါ် ပြန်လည် ချေပခဲ့၏။ သို့တစေ လူကြီးနှစ်ယောက်၏ စကားဝိုင်းက လှပလွန်းသည်။ မုန်တိုင်းကြားမှာ ပွင့်သော ပန်းနှယ်။ စကားလေး တစ်လုံးမှ အစပြုကာ နိုင်ငံရေး ဆွေးနွေးပွဲဆီ ဦးတည် သွားတော့သည်။ သိသိသာသာ ဘက်နှစ်ဘက် ကွဲနေခဲ့သော လူကြီး နှစ်ယောက်၏ ဘုံသဘောထား တူညီမှုက တိုင်းပြည်ကို ချမ်းသာစေချင်ကြလေသည်။

ခုတော့ အန်ကယ် ဦးဝင်းအောင်လည်း အင်းစိန်ထောင် ထဲမှာပင် ဆုံးပါးခဲ့လေပြီ။ တိုင်းပြည် အတွက် အလုပ်လုပ်ခဲ့သူ တစ်ယောက်ရဲ့ ခရီးအဆုံးဟာ ဒီလို ဖြစ်သင့်ပါရဲ့လားဟု ကျွန်တော် မကြာမကြာ တွေးမိခဲ့သည်။
၂၀၀၈ခုနှစ် အကုန်နားမှာ အန်ကယ်လပ်ကီး လွတ်သွားသည်။ ကျွန်တော့်ဆီ စာအုပ်လေးတွေ ပို့ပေးသည်။ ကျွန်တော့် အဖေဆီ၊ ကျွန်တော့် အမေဆီ သူရောက် အောင်သွားလို့ အားပေးစကား ပြောသည်။ သူကျန်းမာရေးကတော့ သိပ်မကောင်းတော့။ နှလုံး၊ အသည်း၊ ကျောက်ကပ်စုံပြီ။

ကျွန်တော် ထောင်ကထွက် လာကာစမှာ နိုင်ငံရေးကို ဦးစားပေး လုပ်မည်လို့ ပြောတော့ သူဝမ်းသာသည်။ စောစော ကတည်းက လုပ်ရမှာဟု ပြော၏။ NLD နဲ့ ပတ်သက်လို့ ကျွန်တော်က ဝေဖန်လျှင် အန်ကယ်လပ်ကီးက မဝေဖန်နဲ့၊ လာခဲ့NLDထဲ ကိုယ်တိုင် ၀င်လုပ်ပြီး၊ ကိုယ်ဖြစ်ချင်တာတွေ ပြင်လို့ ပြောလေ့ရှိသည်။

အရင်က ဆရာ(လူထု) ဦးစိန်ဝင်းအိမ်မှာ စကားဝိုင်း စုစုပြီး ပြောလေ့ရှိသည်။ ဆရာ ဆုံးပါးသွားတော့ နေရာ ပျောက်သွားပြီ။ ကျောက်ကုန်းက အန်ကယ်လပ်ကီး အခန်းလေးထဲမှာ တစ်ခါတစ်ခါ သွားဆုံဖြစ်သည်။ ကျွန်တော် လုပ်သည့် ရုပ်ရှင်ပွဲတော်တို့ ဆရာကြီး ဦးရာဇတ် ဂုဏ်ပြုပွဲတို့ကို လာတက်ပေးသည်။ မိန့်ခွန်း ပြောပေးသည်။ တွေ့တိုင်း နိုင်ငံရေး လုပ်ဖို့ကိုပဲ တိုက်တွန်းသည်။ ကျွန်တော် နိုင်ငံရေး နယ်ထဲ တစ်ကိုယ်လုံး ပုံမ၀င်လာတာကို သူမကျေနပ်။

ခုတော့ အန်ကယ် လပ်ကီး ထွက်ခွာသွားခဲ့ပြီ။ သူပြောနေကျ ဘယ်စစ်အာဏာရှင်ကမှ ငါတို့ကို မချေမှုန်းနိုင်ဘူးဟူသော စကားကို အမြဲကြားယောင်မိသည်။ တစ်ပွင့်ပြီး တစ်ပွင့်သာ ကြွေသွားလေပြီ။ သေနတ်ပြောင်းတို့က အရောင်လက်နေဆဲ။

၂၆ ဧပြီ ၂၀၁၄။

- ဇာဂနာ

( Tomorrow သတင်းဂျာနယ် အမှတ်(၉)ပါ ဆောင်းပါး )