တရုတ်နိုင်ငံတွင် ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရမှုများရှိ

ပို့စ်တင်ချိန် - 5/22/2014 03:45:00 PM


တရုတ်နိုင်ငံအနောက်ဖျားပိုင်းက မငြိမ်သက်တဲ့ ရှင်းကျန်းဒေသရဲ့မြို့တော် ဖူရမ်ကီက ဈေးထဲမှာ ဒီနေ့ ပေါက်ကွဲမှုတခုဖြစ်ပွားပြီး သေဆုံးသူတွေ ရှိခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာက အစီရင်ခံပါတယ်။

“ကား ၂ စီးပေါ်ကနေ ဖောက်ခွဲရေးပစ္စည်းတွေကို ပစ်သွင်းလိုက်လို့ ဈေးထဲက ဈေးဝယ်တွေ သေဆုံး ဒဏ်ရာရခဲ့တယ်၊ ကားတစီးကတော့ ပေါက်ကွဲခဲ့တယ်၊ သေဆုံးဒဏ်ရာရသူ အရေအတွက် မသိရသေးဘူး” လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

China Explodeခရိုင်အတွင်း မြောက်ပိုင်းဥယျာဉ် လမ်းထဲက မနက်ခင်းဈေးမှာ မနက် ၇ နာရီ ၅၀ မှာ ပေါက်ကွဲမှုဖြစ်တယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ဌာနတွေက အမြန်တုံ့ပြန်ဆောင်ရွက်နေတယ်၊ ဒဏ်ရာရသူတွေဆေးကုဖို့ ဆေးရုံကိုပို့ပြီးပြီ၊ ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းကို လောလောဆယ် စုံစမ်းစစ်ဆေးနေဆဲပဲလို့ အစိုးရရုပ်သံ စီစီတီဗီက ဆိုပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ လူအသေအပျောက်ရှိခဲ့တဲ့ ပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့  ပြင်းထန်တဲ့လုပ်ရပ်ဖြစ်ကြောင်း၊ သေဆုံးမှု ရှိခဲ့ကြောင်း ပြောပါတယ်။

ပြည်တွင်းလုံခြုံရေး ခေါင်းဆောင် မန်ကျန်ကျူကတော့ အကြမ်းဖက် အစွန်းရောက်သမားတွေရဲ့ လုပ်ရပ်တွေကို ဖျက်ဆီးပစ်မယ်လို့ ကြေညာချက်ထဲမှာ ဆိုပါတယ်။

ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေက အရေးပေါ်လုပ်ဆောင်ချက်တွေ လုပ်ပြီးပြီလို့လည်း ဆိုပါတယ်။ သေဆုံးသူအရေအတွက်ကိုတော့ အာဏာပိုင်တွေက မဖော်ပြပါဘူး။

ဒေသတွင်း တင်းမာမှုတွေ မြင့်နေချိန် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ တရုတ်အစိုးရကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွဲလိုက် ဖြစ်ပွားခဲ့မှုအပေါ် ရှင်းကျန်းပြည်နယ်က ခွဲထွက်ရေး စစ်သွေးကြွတွေကို အပြစ်တင်ထားပါတယ်။

DVB Burmese