ရှမ်းအရှေ့ ရက်ရက်စက်စက် ငါးလောင်းပြိုင်လူသတ်မှု တရားခံဟု ယူဆရသူကို ဖမ်းမိ

ပို့စ်တင်ချိန် - 5/19/2014 05:20:00 PM


မိုင်းဆတ်၊ မေ ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ၁၀ မိုင် ချောင်းဆုံရွာ၏ အနောက်ဘက် တောင်ပေါ်ခြောက်မိုင်ခန့်တွင် မေ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှု ကျူးလွန်သော တရားခံဟု ယူဆရသူ ဂျပုကို ကို နှစ်ရက်အကြာ မေလ ၁၁ ရက်က ဖမ်းမိပြီ ဖြစ်ကြောင်း မိုင်းဆတ် မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးခင်မောင်ရည်က ပြောကြားသည်။

၁၀ မိုင်ချောင်းဆုံရွာတွင် နေထိုင်သူ အသက် ၄၀ နှစ်ရှိ သိန်းနိုင်သည် မယားပါသမီးဖြစ်သူ အသက် ၂၄ နှစ်ရှိ မအားမွေကို ရလိုသည့်အတွက် ၎င်း၏ဇနီး အသက် ၄၀ နှစ်ရှိ ဒေါ်နာကြားနှင့် သမက်ဖြစ်သူ အသက် ၂၆ နှစ်ရှိ ကျကျိုးညီးကို သတ်ရန်အတွက် ၎င်းက ခိုင်းစေသူကို ငွေတစ်သိန်းခွဲနှင့် မူးယစ်စိတ်ကြွဆေးပြား ၁၀ ပြားပေး၍ ခိုင်းစေခဲ့ခြင်း ဖြစ်သည်ဟု ကျပုကိုက ရဲတပ်ဖွဲ့မှ စစ်ဆေးမှုကို ဖြောင့်ချက်ပေးထားကြောင်း ဒုရဲမှူးက ဆက်လက် ပြောကြားသည်။
“လူသတ်မှု တရားခံကို စောင့်ဖမ်းလို့မိပြီ၊ ငွေပေးပြီး လူသတ်ခိုင်းတဲ့ တရားခံလည်း ဖမ်းလိုက်ပြီ” ဟု ၎င်းကဆိုသည်။

ကျပုကိုသည် မေလ ၉ ရက်နေ့က ကျကျိုးညီးထံသွားကာ တောလည်ရန် မျှားခေါ်ခဲ့ပြီး တဲနှင့် ကိုက် ၆၀၀ အကွာအရောက် ကိုင်ဆောင်ထားသော တူမီးသေနတ်ဒင်ဖြင့် နောက်မှ ကျကျိုးညီး၏ခေါင်းကို သုံးချက်ရိုက်လိုက်သဖြင့် လဲကျသွားစဉ် ခေါင်းကို တူမီးသေနတ်ဖြင့် တေ့ကာ ဝဲနားထင်ကို ပစ်ခဲ့ပြီးနောက် တဲသို့ပြန်လာစဉ် သေနတ်သံကြား၍ ထွက်ကြည့် မေးမြန်းသော မအားမွေကို တဲတွင်းအရောက် ငရုတ်သီးထောင်းသည့် ကျည်ပွေ့ဖြင့်ခေါင်းကို ဖြတ်ရိုက်ခဲ့ပြီး ကလေးနှစ်ယောက်ကို ကြိုးနှင့်တုပ်၍ တဲအနောက်ဘက်ရှိ သက်ငယ်များဖြင့် ပတ်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ငွေပေးငှား သတ်ခိုင်းသူဆိုသူ သိန်းနိုင်၏ဇနီးမှာ ရွာအတွင်းမှအပြင် မထွက်သည့်အတွက် သတ်ရန် အခွင့်အရေး မရခဲ့ကြောင်း၊ သတ်ခစရန်အဖြစ် ငွေကျပ် ငါးသောင်းနှင့် စိတ်ကြွဆေး ၁၀ ပြား ရရှိခဲ့သည်ကို စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ဒုရဲမှူးက ဆက်လက်ပြောကြားသည်။

မေလ ၉ ရက်နေ့ လူသတ်မှု ဖြစ်စဉ်ကြောင့် တဲမီးလောင်၍ ကိုယ်ဝန်ရှိ အမျိုးသမီးတစ်ဦး၊ တစ်နှစ်နှင့် သုံးနှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့သဖြင့် မိုင်းဆတ်မြို့မ ရဲစခန်းက (ပ) ၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ မီးရှို့မှု၊ ၃၀၄(က) လူသေမှုဖြင့် အမှုဖွင့်လှစ်ခဲ့ပြီးနောက် မေ ၁၁ ရက်နေ့တွင် အဆိုပါတဲနှင့် ကိုက် ၆၀၀ အကွာတွင် အမျိုးသားတစ်ဦး ဝဲနားထင်မှ ယာနားထင်သို့ ပေါက်ထွက်ကာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိသဖြင့် ယင်း ရဲတပ်ဖွဲ့စခန်းက (ပ) ၁၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ကျပုကိုကို ယင်းနေ့ည ၈ နာရီ ခွဲတွင် ဖမ်းဆီးခဲ့မိပြီး လူသတ်ရန် စေခိုင်းသူဟု ယူဆရသူ သိန်းနိုင်ကိုပါ ဖမ်းဆီးရမိသည့် အမှုဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ငွေးပေးသတ်ခိုင်းသူဟု ယူဆရသူ သိန်းနိုင်သည် ဇနီးဖြစ်သူ ဒေါ်နာကြား၏ မယားပါသမီး မအားမွေအား ရလိုခြင်း၊ ဇနီး၏သမက် ကျကျိုးညီးကို မုန်းတီးသဖြင့် သတ်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း တရားခံက မိုင်းဆတ်ရဲစခန်းတွင် ဝန်ခံထွက်ဆိုခဲ့သည်။

“မီးထဲမှာ လူသတ်တဲ့ တူမီးသေနတ်ကို ပစ်ထည့်ထားတာ တွေ့ရတယ်။ သူ့ကိုမိတာက ရွာထဲမှာ ပျောက်ဆုံးနေတဲ့ မသင်္ကာသူကို စုံစမ်းရင်း ကျပုကို ပျောက်နေမှန်းသိလို့ စခန်းက ယောင်ပြပြီး နောက်ချန်ကင်းပုန်း ဝပ်ကျန်ခဲ့တာ၊ ပုန်းနေရာက လစ်ဖို့ငွေနဲ့ လိုတာတွေယူဖို့ ရွာထဲဆင်းလာတဲ့ တရားခံကို ဖမ်းမိခဲ့တာပါ။ မမိရင် တောထဲကနေ ပြေးတော့မှာ လက်မတင်လေး မိတာပဲ၊ လူသတ်ခိုင်းတဲ့ သိန်းနိုင်က ပထမငြင်းတယ် နောက်မှဝန်ခံပါတယ်” ဟု မိုင်းဆတ်မြို့မ ရဲတပ်ဖွဲ့စခန်းမှူးက ဆိုသည်။

လူသတ်ရာတွင် အသုံးပြုခဲ့သည့် အဝတ်အစားများ၊ အလောင်းမှ သက်သေခံ အဝတ်အစားများအား ဓာတုဗေဒဝန်ရုံးသို့ ပေးပို့စစ်ဆေးထားပြီး အသက် ၃၂ နှစ်ရှိ ကျပုကိုနှင့် အသက် ၄၀ ရှိ သိန်းနိုင်တို့ကို ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly