သင်္ကြန်ပိတ်ရက် လစာဖြတ်သဖြင့် မဒေးကျွန်းအလုပ်သမားများဆန္ဒပြ

ပို့စ်တင်ချိန် - 5/05/2014 09:52:00 AM



ပုံစာ - မဒေးကျွန်းမှ ဒေသခံအလုပ်သမားများ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွင်းအလုပ်လုပ်နေစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)

ကေဇူး

ရန်ကုန်၊ မဇ္ဈိမ။ ။ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း အကောင်အထည်ဖော်နေသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ အလုပ်သမား ၇၀ ကျော်သည်
သင်္ကြန်ပိတ်ရက် အတွက် လုပ်ခ လစာဖြတ်တောက်ခံမှု အတွက် မေ ၄ ရက်က ဆန္ဒဖော်ထုတ်လိုက်ကြသည်။

ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအကောင်အထည်ဖော်လျှက်ရှိသည့် တရုတ်အမျိုးသားကော်ပိုရေးရှင်း(CNPC )ကုမ္ပဏီ၏ လက်အောက်ခံ ယူနန် ဆောက်လုပ်ရေး
ကုမ္ပဏီက အလုပ်သမားများကို လုပ်ခ လစာဖြတ်တောက်ခြင်းအပေါ် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံး သင်္ကြန်ပိတ်ရက်ပိတ်တဲ့အချိန်မှာ ကျွန်တော်တို့ အလုပ်ဆင်းရတယ်၊ ကုမ္ပဏီကို ပြောပြီးသင်္ကြန်တွင်းငါးရက်မဆင်းဘူး ကျန်ငါးရက်ဆင်းတယ်။ အခု လုပ်ခရှင်းတော့ သင်္ကြန်ပိတ်ရက် အတွက်ဖြတ်ထားပါတယ်" ဟု ဒေသခံ အလုပ်သမားခေါင်းဆောင် ဦးသာစံကြီးက မဇ္ဈိမကိုပြောသည်။

“ပြီးခဲ့တဲ့ အလုပ်သမားနေ့ကလည်း အလုပ်ဆင်းရပါတယ် စနေ၊ တနင်္ဂနွေဆိုတာမရှိဘူး၊ နေမကောင်ရင်လည်း မဆင်းရင်လည်းဖြတ်တယ်”ဟု ၎င်းကဆိုသည်။

ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဒေသခံအလုပ်သမားများအနေဖြင့် ကျောက်သယ် အုတ်သယ်၊ လုပ်ငန်းများ၊ ညစောင့်လုပ်ငန်းများကို လုပ်ကိုင်ရခြင်းဖြစ်ပြီး ကျောက်ပြားသယ်သည့် အခြေခံ အလုပ်သမားတစ်ဦးအတွက် တစ်နေ့ လုပ်အားခ လေးထောင်ရသည်ဟု ကျောက်ပြားသယ်သည့် ကိုစံထွန်းဘော်က ပြောသည်။

ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးမှ အဖွဲ့မှ ဥက္ကဋ္ဌ ကိုဝင်းအောင်က “အလုပ်သမားအခွင့်အရေးဆိုတာ ဒီမှာ မကြားဖူးတဲ့စကားပါ။ အလုပ်မလုပ်ရင် ပိုက်ဆံမပေးတဲ့ စနစ်နဲ့ပဲသွားနေတာပဲ” ဟု ပြောသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အကောင်အထည်ဖော်နေသည့် မဒေးကျွန်းပေါ်တွင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင် (CNPC)ကုမ္ပဏီနှင့်
ယင်းကုမ္ပဏီ လက်အောက်တွင် ယူနန်ဆောက်လုပ်ရေးကုမ္ပဏီ၊ CPP ဆောက်လုပ်ရေးကုမ္ပဏီ၊ CHEC ကုမဏီတို့ က ပိုက်လိုင်းတည်ဆောင်ခြင်း ဓာတ်ငွေ့သန့်စင်စက်ရုံ
တည်ဆောက်ခြင်း၊ ရေနံလှောင်ကန်များ တည်ဆောက်ခြင်း အဆောက်အဦးများ တည်ဆောက်ခြင်းတို့ကို လုပ်ကိုင်လျှက်ရှိသည်။

ဒေသတွင်းစီမံကိန်းများ တည်ဆောက်နေသော ကုမ္ပဏီများအနေဖြင့် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။


Mizzima Burmese