မီးသတ်ကားနှင့် ရေယာဉ်(မော်တော်)တိုက်မိရာမှ လူတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 5/28/2014 07:53:00 AM



ခန္တီး၊ မေ ၂၇
ရေဖြည့်ရန်လာရောက်သည့်မီးသတ်ကားတစ်စီးသည် ချင်းတွင်းမြစ်အတွင်းရပ်နားထားသော ရေယာဉ်တစ် စီးနှင့် တိုက်မိရာမှ လူတစ်ဦးသေဆုံးသွားခဲ့ရသည့် ယာဉ်တိုက်မှုဖြစ်စဉ်တစ်ရပ်အား မေလ ၂၆ ရက်နေ့ည ၆ နာရီ ၁၈ မိနစ်အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မြို့မရပ်ကွက်၊ ချင်းတွင်းမြစ်ဆိပ်ကမ်း၊ ကုက္ကိုပင် ဆိပ်နေရာတွင် ဖြစ်ပွားခဲ့ကြောင်း ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မီးသတ်ကားနှင့် ရေယာဉ်(မော်တော်)တိုက်မိရာအရပ်သို့ ခန္တီးမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဦးနှင့်အဖွဲ့က သွား ရောက်စစ်ဆေးခဲ့ရာ ခန္တီးမြို့နယ် မီးသတ်တပ်ဖွဲ့ပိုင် မီးသတ်ကားနှင့် ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ရပ်နား ထားသော တက်နေအောင် ရေယာဉ်ကုန်းပတ်ဖြင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
ထိုသို့ မီးသတ်ကားနှင့် ရေယာဉ်တိုက်မိခဲ့သည့်အတွက် မီးသတ်ကား၏ ယာဉ်နောက်ပိုင်းတွင် တွယ်၍စီး နင်းလိုက်ပါလာသူ ကိုဇင်မင်းဦး အသက်(၂၇)နှစ် ဆိုသူမှာ မီးသတ်ကားနောက်ပိုင်းနှင့် မော်တော်ကုန်း ပတ်အကြားညှပ်မိ၍ ဦးခေါင်းပိပြားဒဏ်ရာများဖြင့် ၎င်းနေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးသတ်ကားသည် မီးငြိမ်းသတ်သည့်အခါ အသင့်အသုံးပြုနိုင်ရန်အတွက် ချင်းတွင်းမြစ်အတွင်း ရေ ဆင်းထည့်ရာမှ ကားနောက်ပြန်လျောကျပြီး ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ရေယာဉ်ကုန် ပတ်နှင့် တိုက်မိခဲ့သည်ဟုလည်း ယာဉ်တိုက်မိရာအရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြသည့် ရဲစခန်းမှူး နှင့်အဖွဲ့က မှတ်တမ်းများရယူထားကြောင်း သိရသည်။
“ မီးသတ်ကားက တရုတ်နိုင်ငံလုပ် Dong Feng အမျိုးအစား ရေဂါလံ(၁၂၀၀)ဆံ့ဖြစ်ပါတယ်..။ ယာဉ်အမှတ်ကတော့ ၁င/၉၅…ဖြစ်ပါတယ်။ ယာဉ်မောင်းကတော့ မီးသတ်တပ်ကြပ်ကြီး ဦးဖိုးတာ ဆိုသူ ဖြစ်ပါတယ်..” ဟု ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးက ပြောပြသည်။
အဆိုပါ မီးသတ်ကားနှင့် ရေယာဉ်တိုက်မိရာမှ လူတစ်ဦးသေဆုံးခဲ့ရသည့်အတွက် ခန္တီးမြို့မရဲစခန်းက ယာဉ်(ပ) ၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က)အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း