၂၀၁၄ ခုနှစ် ဧပြီလအထိ ရန်ကုန်တိုင်းဒေသကြီး၌ တရားမ၀င် အရက်၊ ဘီယာဆိုင် ၂၀၀၀ ကျော်ကို အရေးယူ

ပို့စ်တင်ချိန် - 5/05/2014 01:00:00 PM


၂၀၁၃ ခုနှစ်က လှိုင်မြို့နယ် ဂိုထောင်တစ်ခုအတွင်းရှိ အရက်ပုလင်းများကို Mobile Team အဖွဲ့မှ ၀င်ရောက်စစ်ဆေးနေစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် သုံးနှစ်တာအတွင်း တရားမ၀င် အရက်၊ ဘီယာဆိုင်များ အရေးယူမှု မြင့်တက်ခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်း (ဧပြီလအထိ) တရားမ၀င် အရက်၊ ဘီယာဆိုင် ၂၀၆၁ ဆိုင် အရေးယူခဲ့ပြီးဖြစ်ကြောင်း ဧပြီ ၃၀ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၏ ပြောကြားချက်အရ သိရသည်။

ယင်းနေ့တွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ ‘ယစ်မျိုးလိုင်စင်များကို ယစ်မျိုးလက်စွဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ထုတ်ပေးခဲ့ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်စွာ ဖွင့်လှစ်ရောင်းချခြင်းများ ရှိမရှိ’ မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းအစား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

တရားမ၀င် ယစ်မျိုးဆိုင်များအား အဖွဲ့များဖြင့် စစ်ဆေးအရေးယူခဲ့ရာတွင် ၂၀၁၂ ခုနှစ်တွင် ယစ်မျိုးဆိုင် ၁၉၅၈ ဆိုင် အရေးယူခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၃၇၃၉ ဆိုင်အထိ မြင့်တက်ခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်း (ဧပြီလအထိသာ) ၂၀၆၁ မှု ဖမ်းဆီးအရေးယူခဲ့သဖြင့် မြင့်တက်နေသည်ဟု ဆိုရမည်ဖြစ်သည်။

“ဗဟန်းမြို့နယ်အတွင်းမှာ ယစ်မျိုးဥပဒေ၊ အမိန့်ညွှန်ကြားချက်တွေနဲ့ မညီတဲ့ အရက်ဘီယာဆိုင်တွေကို တစ်နေ့တခြား ပြည်သူလူထုရဲ့ မျက်မှောက်မှာ မျက်ဝါးထင်ထင်ကို မြင်တွေ့နေပါတယ်။ ဥပမာ-ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းပေါ်မှာ (ဆရာစံတောင်ရပ်ကွက်)မှာရှိတဲ့ အရက်ဆိုင်တစ်ခုဟာ ရပ်ကွက်နေ ပြည်သူလူထုပန်းခြံနဲ့ နီးကပ်စွာ တည်ရှိခြင်း၊ ကျောင်းနဲ့ ကိုက် ၅၀ အတွင်းမှာ တည်ရှိခြင်းကြောင့် မကြာခဏ ကန့်ကွက်ပြီးတော့ ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဘာမှထူးခြားချက် မရှိပါဘူး” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယစ်မျိုးလိုင်စင် ချထားပေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပြီး မြို့နယ်ယစ်မျိုးအကြံပေး အဖွဲ့များဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးတို့က ဆိုင်ဖွင့်မည့်နေရာအား ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ပြီး ဥပဒေနှင့်အညီ အမှုတွဲဖွင့်လှစ်၍ ကောလိပ်တော်အရာရှိထံ တင်ပြခွင့်ပြုချက် ရယူကြောင်း၊ ကောလိပ်တော်အရာရှိ၏ သဘောတူညီမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြရခြင်းဖြစ်ပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီ တင်ပြအတည်ပြုချက် ရယူထားသော ယစ်မျိုးလိုင်စင်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြ၍ သဘောတူညီမှု ရရှိပါက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) သို့ ဆက်လက်ထောက်ခံ တင်ပြရမည်ဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးချုပ်မှ သဘောတူ ခွင့်ပြုချက် ရရှိပါက ယစ်မျိုးလုပ်ငန်းလိုင်စင်များ ခွင့်ပြုချထားပေးကြောင်း ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

Eleven Media Group