ကူးတို့ရေယာဉ် နစ်မြုပ်မှု ရှာဖွေရေး လုပ်ငန်းများအတွက် ဒေါ်လာ တစ်သိန်း လှူဒါန်းခဲ့သည့် ဂျန်ဂျီဟွမ်း

ပို့စ်တင်ချိန် - 5/02/2014 06:24:00 AM


တောင်ကိုရီးယား နာမည်ကျော်ရုပ်ရှင်မင်းသမီး ဂျန်ဂျီဟွမ်းက နာမည်ကျော် ကူးတို့ရေယာဉ်နစ်မြုပ်မှု ဖြစ်ရပ်ဆိုးကြီးအတွက် ကူညီရန် ဒေါ်လာတစ်သိန်းကို လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

My Sassy Girl ရုပ်ရှင်ဇာတ်ကားနှင့် My love from the Star စီးရီးများကြောင့် လူသိများခဲ့သည့် တောင်ကိုရီးယား ရုပ်ရှင်ကြယ်ပွင့် သည် Sewol ရေယာဉ်နစ်မြုပ်မှု တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြက်ခြေနီအဖွဲ့ထံ ငွေကြေး လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ဂျန်ကဲ့သို့ပင် တောင်ကိုရီးယား ရုပ်ရှင်နှင့်ဂီတ နာမည်ကျော်များ  သည်လည်း  ငွေကြေးလှူဒါန်းမှုများ အသီးသီးပြုလုပ်ခဲ့ကြသည်။ ဧပြီလ ၂၉ ရက်နေ့က တောင်ကိုရီးယားကြက်ခြေနီအဖွဲ့သည် ဝမ်ဂျီဟွမ်းဆိုသော အမည်
ဖြင့်လှူဒါန်းသည့် ဒေါ်လာတစ်သိန်းကို လက်ခံရရှိခဲ့သည်။ သို့သော်လည်း အဆိုပါငွေကြေးများသည် ဂျန်က မျိုးရိုးနာမည် ပြောင်းလဲကွယ်ဝှက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ဖော်ထုတ်နိုင်ခဲ့သည်။

ဂျန်နှင့်နီးစပ်သော သူငယ်ချင်းတစ်ဦးက “ဂျန်က Sewol သင်္ဘောရဲ့သတင်းကို ကြားရကတည်းက အရမ်းကို စိတ်မကောင်းဖြစ်နေတာပါ။ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ ဘယ်လောက်တောင် ကြေကွဲမလဲဆိုတာကို အမြဲတမ်းလိုလို စိတ်ကူးကြည့်ပြီး ဝမ်းနည်းနေခဲ့ပါတယ်။ သူက လက်ကျန်မျှော်လင့်ချက်တွေကို မစွန့်လွှတ်လိုက်စေချင် ဘူး။ ရသလောက် အားတင်းထားစေချင်တယ်။ ဒီလှူဒါန်းမှုဟာ ပြောပလောက်အောင် မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့နှလုံးသားထဲက အလေးအနက်ထွက်ပေါ်လာတဲ့ သဒ္ဓါ တရား ဖြစ်ပါတယ်။ ဂျန်က သူ့ရင်ထဲကကြေကွဲမှုကို သက်ဆိုင်ရာ မိသားစုတွေနဲ့ထပ်တူ ပြသချင်တယ်လေ” ဟုပြောကြားခဲ့သည်။
ဂျန်သည် ၂၀၁၂ ခုနှစ်ကကျင်းပသည့် သူမ၏မင်္ဂလာပွဲတွင် ရရှိခဲ့သောလက်ဆောင်များအား မရှိဆင်းရဲသားများအတွက် လှူဒါန်းခဲ့သလို ယခုသင်္ဘော နစ်မြုပ်မှုတွင် ပူဆွေးနေသူများအား တတ်စွမ်းသမျှ ကူညီအားပေးရန်အတွက် သူမ၏အနုပညာအလုပ်အချို့ကို ရပ်နားထားရန် ဆုံးဖြတ်ခဲ့သည်။

Planet Myanmar Network