ကမ္ဘာ့ဖလားအတွက် အရူးအမူး ပြင်ဆင်နေသည့် ဆက်ဂ်ညာ၏ ဇနီးသည်

ပို့စ်တင်ချိန် - 5/03/2014 04:04:00 PM


ပြင်သစ် လက်ရွေးစင် ဘောလုံးသမား ဘာကလေဆက်ဂ်ညာ၏
ဇနီးဖြစ်သူကမူ ခင်ပွန်းသည်ထက်ပင် ကမ္ဘာ့ဖလားနှင့် ပတ်သက်၍ မျှော်လင့်ချက် ပြင်းပြနေဟန် ရှိသည်။



ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး တစ်စထက်တစ်စ နီးကပ်လာသည်နှင့်အမျှ ကမ္ဘာကျော် ဘောလုံးသမား အများအပြားသည် ယင်းပြိုင်ပွဲကြီးတွင် ပါဝင်ခြေစွမ်းပြရန် စိတ်ဓာတ်တက်ကြွ မျှော်လင့်နေသည်မှာ မဆန်းချေ။ ပြင်သစ် လက်ရွေးစင် ဘောလုံးသမား ဘာကလေဆက်ဂ်ညာ၏ ဇနီးဖြစ်သူကမူ ခင်ပွန်းသည်ထက်ပင် ကမ္ဘာ့ဖလားနှင့် ပတ်သက်၍ မျှော်လင့်ချက် ပြင်းပြနေဟန် ရှိသည်။ အာဆင်နယ် အသင်းတွင် ကစားနေသည့် ဆက်ဂ်ညာသည် ဇနီးဖြစ်သူ၏ မော်တော်ကား ဒီဇိုင်းပြောင်းလဲသွားသည်ကို တအံ့တဩ တွေ့မြင်ခဲ့ရသည်။





လူဒီဗိုင်း ကာဒရီသည် သူမပိုင် Lamborghini မော်တော်ကား၏ ကိုယ်ထည်ကို ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ ပုံရိပ်များ လွှမ်းမိုးသည့် ဆေးရောင်စုံ ဒီဇိုင်းဖြင့် ပြောင်းလဲခဲ့သည်။ အဆိုပါ ဒီဇိုင်းပုံတွင် ဆက်ဂ်ညာအပြင် အာဆင်နယ် အသင်းဖော် မီဆွတ်အိုဇေးလ်နှင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို (၄)ကြိမ်ဆက်တိုက် ရရှိဖူးသည့် လီယွန်နယ် မက်ဆီတို့၏ ပုံများက ကားကိုယ်ထည် တစ်ဖက်ခြမ်းတွင် ပါဝင်နေသည်။

အခြားတစ်ဖက်တွင်မူ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုအပြင် လူးဝစ်ဆွာရက်ဇ်၊ ဝက်စ်လေရှနိုက်ဒါတို့၏ ပုံများကို ထည့်သွင်းခြယ်သထားသည်။ ကားရှေ့ပိုင်း ဘောနက်ဖုံးတွင်မူ ဆက်ဂ်ညာ၏ အာဆင်နယ် အသင်းဖော်များဖြစ်သည့် အဲလက်စ်အော့ဇ်လိဒ် ချမ်ဘာလိန်နှင့် ဂျက်ဝီလ်ရှီးယားတို့၏ ပုံများကို တွေ့မြင်နိုင်မည် ဖြစ်သည်။ အဆိုပါ ကမ္ဘာ့ဖလား ဒီဇိုင်းကို နာမည်ကျော်များ၏ မော်တော်ကားများအတွက် ဒီဇိုင်းဖန်တီးပေးသည့် Yiannimizeကပင် တာဝန်ယူထားခဲ့သည်။

ဆက်ဂ်ညာသည် သူငယ်ချင်း တစ်ဦးနှင့်အတူ ဇနီးသည်၏ မော်တော်ကားရှေ့တွင် ဂုဏ်ယူစွာ ဓာတ်ပုံအရိုက်ခံပြီး Instagramတွင် လွှင့်တင်ခဲ့သေးသည်။ ဆက်ဂ်ညာသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ်အသင်းတွင် သေချာပေါက် ပါဝင်ခွင့်ရဖွယ် ရှိနေပြီး ဇွန်လ(၁၅)ရက်နေ့၊ ဟွန်းဒူးရပ်စ်နှင့် ပွဲစဉ်၌ ပွဲထွက်လာဖွယ် ရှိနေကြောင်းလည်း ခန့်မှန်းခံထားရသည်။

Planet Myanmar Network