ဟိုင်းလတ်ယာဉ်များ မြို့တွင်းဝင်နိုင်သည့် လမ်းကြောင်းတွင် ဖမ်းဆီးရေးအဖွဲ့များ ချထား

ပို့စ်တင်ချိန် - 5/03/2014 02:29:00 PM


ကျော်စိုးမိုး

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်တင် ဟိုင်းလတ်ယာဉ်များကို ဖမ်းဆီးအရေးယူမှုများကို မေလ ၁ရက်မှ စတင်ဆောင်ရွက်နေပြီဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးက သိရသည်။

ဟိုင်းလတ်ယာဉ်များကို ဖမ်းဆီးနိုင်ရန် မေလ ၁ရက်နေ့မှစကာ လှော်ကားလမ်းဆုံ၊ ရွှေပြည်သာ၊ သာကေတဘက်ရှိ သန်လျင်တံတားထိပ်၊ ပဲခူးအနီးတို့တွင် ဖမ်းဆီးရေးအဖွဲ့များ ချထားပြီး ယင်းအဖွဲ့မှ လွတ်လာသော ယာဉ်များကို စော်ဘွားကြီးကုန်း၊ ရွှေညောင်ပင်ထိပ်နှင့် ခရေပင်လမ်းဆုံတွင် ပိတ်ဆို့ဖမ်းဆီးသည့် အဖွဲ့များ ထပ်မံချထားသည်ဟု ဆိုသည်။

"ဒီဟိုင်းလပ်တွေကို ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲတာ သိပ်မသင့်တော်ပါဘူး။ နောက်ပြီး တွယ်စီးတာတို့ ခေါင်မိုးပေါ် ထိုင်တာတို့ ဝိတ်မမျှရင် တိမ်းမှောက်တာတွေ ဖြစ်နိုင်ပြီး အန္တရာယ်များပါတယ်"ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်တွင် ဟိုင်းလပ်ခရီးသည်ယာဉ်များ ပြေးဆွဲခြင်းသည် မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သောကြောင့် ဧပြီလ ၃၀ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

သည့်အပြင် ယာဉ်များကို ညပိုင်းဖမ်းဆီးအရေးယူမှုများပါ ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ တစ်ခုတည်းသာမက သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး၊ မထသ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ်မှ တာဝန်ရှိသူများပါ ပူးပေါင်းသွားမည်ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က မေလ ၂ရက်က ပြောသည်။

"ညပိုင်း ဖမ်းဆီးရေးဆောင်ရွက်တဲ့အခါ အလွယ်တကူ မောင်းပြေးလို့ မရအောင် အန္တရာယ်မပြုနိုင်အောင် သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး ဖမ်းဆီးရေးအဖွဲ့ ဖွဲ့ထားပါတယ်"ဟု ရဲမှူးကြီး လင်းထွဋ်က ပြောသည်။

Mizzima Burmese