ကမ္ဘာ့ဖလားကို ဆန့်ကျင်ပြီး ဘရာဇီးလ်တွင် လူပေါင်းထောင်ချီ ဆန္ဒပြ

ပို့စ်တင်ချိန် - 5/24/2014 06:39:00 AM





ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့တွင် အိမ်ခြေရာမဲ့ အလုပ်သမားများ၏ အခွင့်အရေးကို ထောက်ခံပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဆန့်ကျင်သည့် အနေဖြင့် လူပေါင်းထောင်နှင့်ချီ စုရုံးဆန္ဒပြခဲ့ကြောင်း သိရှိရသည်။ ကြာသပတေးနေ့ ညနေပိုင်းက စုရုံးမှုတွင် အနည်းဆုံး လူပေါင်း (၁၅၀၀၀)မျှ ရှိမည်ဟု ရဲများက ခန့်မှန်းခဲ့သော်လည်း ဦးဆောင် နှိုးဆော်သူများက ယင်းထက် အဆပေါင်းများစွာ ပိုများကြောင်း ပြောကြားခဲ့သည်။ ဘရာဇီးလ်တွင် ပြည်သူ့အိုးအိမ် စီမံကိန်းများ ညံ့ဖျင်းအားနည်းပြီး ကမ္ဘာ့ဖလားအတွက် အစိုးရက ငွေကြေးအလုံးအရင်း သုံးစွဲထားခြင်းအတွက် ယခုကဲ့သို့ ဆန္ဒပြကြခြင်း ဖြစ်သည်။

ဘရာဇီးလ်အစိုးရသည် လာမည့်(၃)ပတ်အတွင်း စတင်မည့် ဘောလုံးပွဲကြီးအပြင် (၂၀၁၆)ခုနှစ်၊ နွေရာသီ အိုလံပစ်ကိုပါ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် တာဝန်ယူထားသည်။ “ကျွန်တော်တို့ ဒီကိုရောက်လာတာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဆန့်ကျင်ဖို့ပါ။ ဒီပြိုင်ပွဲအတွက် ငွေတွေအများကြီး သုံးစွဲထားချိန်မှာ ကျွန်တော်တို့ရဲ့ နေထိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုအပြင် တခြားအကြောင်းအရာ အားလုံးကို မျက်ကွယ်ပြုခံထားရတာကို ဆန့်ကျင်ဖို့ပါ”ဟု ယခုလှုပ်ရှားမှုတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် လုဇ်ဂျီယိုဗန်နီက ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အား ရည်စူးပြီး “FIFA အိမ်ပြန်ပေတော့”ဆိုသည့် စာတန်းများကိုလည်း ကိုင်ဆောင်လာကြသေးသည်။ ဘရာဇီးလ်တွင် ကမ္ဘာ့ဖလား ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည့်အနက် ယခုကိစ္စသည်ေ
နာက်ဆုံး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ၌ ဘရာဇီးလ် အစိုးရသည် ဒေါ်လာ (၁၁)ဘီလျံမျှထိ သုံးစွဲထားရကြောင်း သိရှိရသည်။

Planet Myanmar Network