ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ကို မြန်မာနိုင်ငံအနေဖြင့် လက်ရှိအစိုးရသက်တမ်းအတွင်း အတည်ပြုချုပ်ဆိုနိုင်ရန် မျှော်မှန်းထား

ပို့စ်တင်ချိန် - 5/04/2014 11:33:00 AM



ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ကို မြန်မာနိုင်ငံအနေဖြင့် လက်ရှိအစိုးရသက်တမ်းအတွင်း အတည်ပြုချုပ်ဆိုနိုင်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံအပါအ၀င် ခြောက်နိုင်ငံကို ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ကို လက်မှတ်ရေးထိုး(သို့မဟုတ်)အပြည့်အ၀အတည်ပြုချုပ်ဆိုရန် မကြာသေးမီက တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ကို ၁၉၉၃ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်တွင် နောက်ဆက်တွဲ သဘောတူညီချက် သုံးခုရှိကြောင်းနှင့် စစ်ဆေးကြပ်မတ်သည့်အပိုင်းတွင် မည်သို့ ဆောင်ရွက်ရမည်ဆိုသည်နှင့် ပတ်သက်၍ လုပ်ငန်းစဉ်များ အသေးစိတ်တိတိကျကျဖော်ပြထားကြောင်း သိရသည်။

“လက်မှတ်ထိုးပြီးတဲ့နောက် Ratify လုပ်တဲ့အဆင့်ကို ဆက်ပြီးသွားနိုင်ဖို့ ဒီကွန်ဗင်းရှင်းနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ပြည်တွင်းတည်ဆဲဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖို့ လိုပါတယ်။
ဒီအပိုင်းကိုလည်း အစိုးရသစ်လက်ထက်မှာ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်”ဟု အဆိုပါအဆင့်မြင့်အရာရှိက ပြောကြားသည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုလွှတ်တော်၌ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို စက်မှုဝန်ကြီးဌာနက တင်သွင်းထားပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေကြမ်းသည် မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမည့် ကွန်ဗင်းရှင်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အဓိကဖြစ်ကြောင်း၊ ကျန်သည့် လုပ်ထုံးလုပ်နည်းအပိုင်းတွင်လည်း ကြိုတင်ဆောင်ရွက်ထားမှုများ၊ ထွက်ပေါ်လာမည့် ဥပဒေ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

]]နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒီကွန်ဗင်းရှင်းကို အတည်ပြုဖို့လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ သူ့သက်တမ်းကာလမှာပဲ Ratification လုပ်သွားဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ခိုင်ခိုင်မာမာအတည်ပြုနိုင်မယ်ဆိုရင် မကြာခင်အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိက ပြောကြားသည်။

နယ်သာလန်နိုင်ငံသည် ဟိဂ်မြို့၌အခြေစိုက်သော ဓာတုလက်နက်များတားဆီးရေးအဖွဲ့(Organisation for the Prohibition of Chemical Weapons - OPCW) သည် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ နည်းပညာအထောက်အကူပြု ခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီက သုံးရက်ကြာ လာရောက်ခဲ့ကြောင်း သိရသည်။

OPCWျ သည် ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (Chemical Weapons Convention-CWC) ကို အကောင်အထည်ဖော်သည့်အဖွဲ့ဖြစ်သည်။

ပထမကမ္ဘာစစ်တွင် ဓာတုလက်နက်များကို ပထမဆုံးစတင်အသုံးပြုခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် အီရတ်နိုင်ငံဟာလာဂျာ၌ အရပ်သားများကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ၁၉၉၃ ခုနှစ် ဇန်န၀ါရီတွင် ပါရီ၌ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်(CWC)ကို ရေးဆွဲခဲ့ပြီး ၁၉၉၇ ခုနှစ် ဧပြီ ၂၉ တွင် CWC စတင် အာဏာသက်ဝင်ခဲ့သည်။

လောလောဆယ်တွင် OPCW ၌ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံအားလုံးနီးပါး ပါဝင်သော အဖွဲ့ဝင်နိုင်ငံ ၁၉၀ ရှိသည်။ ကမ္ဘာတွင် ကြေညာထားသော ဓာတုလက်နက်များ၏ ၈၁ ရာခိုင်နှုန်းခန့်ကို ကြီးကြပ်မှုဖြင့် ဖျက်ဆီးထားကြောင်း OPCW ၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။

EMG