မော်တော်ယာဉ် အရေအတွက်၏ ၃၀ ရာခိုင်နှုန်း ယာဉ်မောင်းလိုင်စင် မရှိဟုဆို

ပို့စ်တင်ချိန် - 5/08/2014 11:09:00 AM


ရန်ကုန်၊ မေ ၇

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မော်တော်ယာဉ် အစီးရေနှင့် ယာဉ်မောင်းလိုင်စင် အရေအတွက်တို့ကို အချိုးချပါက ၃၀ ရာခိုင်နှုန်းခန့်မှာ ယာဉ်မောင်းလိုင်စင် မရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ထံမှ သိရသည်။

လက်ရှိ ယာဉ်အစီးရေပေါ် မူတည်၍ တစ်ဦးလျှင် ယာဉ်တစ်စီးနှုန်းဖြင့် တွက်ချက်ထားခြင်း ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

“တစ်ယောက်တည်းကလည်း နှစ်စီးသုံးစီး မောင်းလို့ ရနိုင်ပါတယ်။ လိုင်စင်မဲ့တွေ များနေတာတော့ မကောင်းဘူးပေါ့” ဟု ကညနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

က.ည.န၏ စစ်တမ်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ် အစီးရေ ၄,၂၃၇,၆၈၂ စီးရှိပြီး ယာဉ်မောင်းလိုင်စင် ၂,၉၉၈,၇၀၆ သာရှိကြောင်း ကညနထံမှ သိရသည်။

ယာဉ်မောင်းလိုင်စင် အနီ ကိုင်ဆောင်ထားသော ယာဉ်မောင်းဆိုပါက မော်တော်ယာဉ်ပေါင်းစုံကို မောင်းနှင်ခွင့် ရှိခြင်းကြောင်း ယာဉ်တစ်စီးလျှင် ယာဉ်မောင်းလိုင်စင် တစ်စောင်နှုန်းဖြင့် တိုင်းတာရန် မဖြစ်နိုင်ကြောင်း ခရီးသည်တင် ယာဉ်မောင်းအချို့က ပြောဆိုသည်။

“လက်ရှိ ဖြစ်နေတာက ပြေးဆွဲနေတဲ့ ကားအစီးရေနဲ့ ရှိတဲ့ ယာဉ်မောင်းနဲ့က မကိုက်ပါဘူး။ ပြီးတော့ ယာဉ်လိုင်စင်အတု ဆိုတာတွေလည်း ရှိနေတယ်” ဟု ၄၈ ခရီးသည်တင် ယာဉ်လိုင်း လုပ်ငန်းရှင် ဦးသန့်ဇင်ဝင်းက ပြောကြားသည်။

The Voice Weekly