ဟိုတယ်ခရီးနဲ့ ကန်ထရိုက်သမားကြား မြေငှားမှု အခုတော့ လျော်ကြေးတောင်းကြပြီ

ပို့စ်တင်ချိန် - 5/01/2014 07:45:00 PM


ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက မြောက်ဒဂုံ ပြည်ထောင်စုလမ်း၊ ၄၆ရပ်ကွက်က မြေကွက် ၃ကွက်ကို ကန်ထရိုက်တစ်ယောက်ကို ၈နှစ်သက်တမ်းနဲ့ ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် ဟိုတယ်ခရီးက သဘောတူစာချုပ်ကို ချိုးဖောက်ပြီး လေလံပစ်ခဲ့တာကြောင့် မြေငှားသူ ကန်ထရိုက်က လျော်ကြေးတောင်းနေပါပြီ။ ဘာတွေဘယ်လို ဖြစ်ခဲ့ကြတာလဲ။

ပေ ၄ဝ၊ ၆ဝ အကျယ်ရှိတဲ့ မြေကွက်နံပါတ် ၁၆၁၆၊ ၁၆၁၇နဲ့ ၁၆၁၈ ကို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ၂ဝဝ၅မှာ ဟိုတယ်ခရီးသွားက ကန်ထရိုက်ဦးရဲမြင့်ကို ငှားခဲ့ပြီး ဦးရဲမြင့်ကလည်း အဲဒီမြေကွက်တွေပေါ်မှာ ဆိုင်ခန်း ၁၆ခန်းဆောက်ပြီး ပြန်ငှားခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်သက်တမ်း ၄နှစ်အကြာမှာပဲ ဆိုင်ခန်းငှားသူတွေကို ဟိုတယ်ခရီးက မောင်းထုတ်ခဲ့တယ်လို့ ဦးရဲမြင့်က ဆိုပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA မှာ မေလ ၁ရက်နေ့မှာ ဦးရဲမြင့်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ဟိုတယ်ခရီးသွားက သူငှားရမ်းထားတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကို တရားစွဲခဲ့သလို ပြည်ထောင်စုရှေ့နေချုပ်ကလည်း ပုဒ်မ ၂၁(၁)နဲ့ အမှုဖွင့်ပေးထားတာကြောင့် နစ်နာမှုအတွက် လျော်ကြေးတောင်းမယ်လို့ ဆိုပါတယ်။

ဦးရဲမြင့် အငှားချထားတဲ့ ဆိုင်ခန်းတွေမှာ နေထိုင်သူ ၅ဝလောက်ဟာ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနကြောင့် နစ်နာခဲ့တာမို့ လျော်ကြေးငွေ သိန်း၃ထောင်ကျော် တောင်းမယ်လို့ ဆိုပါတယ်။ မြေငှားစာချုပ် ချိုးဖောက်တဲ့ ၂ဝဝ၉မှာတုန်းကလည်း သိန်း ၈ဝဝ တောင်းခဲ့ပေမယ့် အခုတော့ ကာလတန်ဖိုး ပြောင်းလဲသွားတာကြောင့် သိန်း ၃ထောင်တိုးတောင်းတာလို့ ဦးရဲမြင့်က ဆိုပါတယ်။

Kamayut Media