မေလအတွင်း အပူလှိုင်း ဖြတ်သန်းမှုအစား မုန်တိုင်းငယ်များ ၀င်ရောက်လာနိုင်

ပို့စ်တင်ချိန် - 5/02/2014 12:37:00 PM



မြန်မာနိုင်ငံတွင် မေလအတွင်း အပူလှိုင်း ဖြတ်သန်းမှုအစား မုတ်သုံမ၀င်မီ ဖြစ်ပေါ်လေ့ ရှိသော မုန်တိုင်းငယ်များသာ ဖြစ်နိုင်သည်ဟု နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
မြန်မာနိုင်ငံတွင် မုန်တိုင်းဖြစ်ပေါ်မှုမှာ မုတ်သုံမ၀င်မီနှင့် မုတ်သုံထွက်ပြီး အချိန်များတွင် ဖြစ်ပေါ်လေ့ ရှိပြီး မုတ်သုံမ၀င်မီ မေ၊ ဇွန်လနှင့် မုတ်သုံထွက်ပြီး အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အများဆုံး ဖြစ်ပေါ်လေ့ရှိသည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

““ဒီမုတ်သုံဝင်တဲ့ကာလမှာ ဘင်္ဂလား ပင်လယ်အော်မှာ အရှေ့ဘက်က တိုက်လာတဲ့ လေပြင်းတွေရယ်၊ အနောက်တောင် မုတ်သုံလေ ၀င်လာတဲ့ အခြေအနေတွေကြောင့် ဘင်္ဂလား ပင်လယ်အော်မှာ လေဖိ အားနည်း ရပ်ဝန်းတွေ ဖြစ်ပေါ်တတ်တယ်။ လေဖိအားနည်း ရပ်ဝန်းဖြစ်လာရင် မုန်တိုင်းဖြစ်ဖို့ အလားအလာက ပိုကောင်းနေပြီ၊ ဒီမေလမှာ မုန်တိုင်းအများ ဆုံး ဖြစ်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့တယ်””ဟု ပြောသည်။

မေလအတွင်း မုန်တိုင်းဖြစ်ပေါ်မှု အလားအလာနှင့် ပတ်သက်၍ ပယ်လယ် ရေမျက်နှာပြင်၏ အပူချိန်မှာ ၂၆ ဒသမ ၅ စင်တီ ဂရိတ်ထက် ပိုနေသောကြောင့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်ဖြစ်ပေါ်မှု ပိုအားကောင်းလာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒမှ ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် လေဖိအားနည်း ရပ်ဝန်းများသည် မေလတွင် ဖြစ်ပေါ်မှု အများဆုံး ဖြစ်ပြီး လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိလာသော မုန်တိုင်းငယ်များ၏ ၃၅ ရာခိုင်နှုန်း သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်လာနိုင်ခြေရှိကာ ၇၀ ရာခိုင်နှုန်းသည် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်ရောက်နိုင်ပြီး နေ့အပူချိန်များ အနေဖြင့် မုတ်သုန်ကာလသို့ ၀င်ရောက်လာသည့်အတွက် တဖြည်းဖြည်းကျ ဆင်းလာမည် ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Myanmartandawsint Newspaper