၁၉၉၀ အနိုင်ရအမတ်များ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်း လုပ်ဆောင်မည်

ပို့စ်တင်ချိန် - 5/28/2014 08:01:00 AM


၁၉၉၀ခုနှစ်က ရွေးကောက်ပွဲ ဝင်ရောက် အောင်နိုင်ခဲ့သည့် တိုင်းရင်းသားအမတ်နှစ်ဦးကို ၂၀၁၄ခုနှစ် မေလ ၂၇ရက်က ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ)

ကေဇူး

ရန်ကုန်၊ မဇ္ဈိမ။ ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကထား လုပ်ဆောင်မည်ဟု ၁၉၉၀ ရွေးကောက်ပွဲ ၂၄ နှစ်ပြည့် အခမ်းအနားတွင် ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့ သမိုင်းမြို့မကျောင်းတွင် ၂၀၁၄ခုနှစ် မေလ ၂၇ရက်က ပြုလုပ်သည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ၂၄ နှစ်ပြည့်
အခမ်းအနားတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခြေခံဥပဒေက ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို ရေးဆွဲခိုင်းမယ်လို့ ပြောပေမယ့် ကျွန်တော်တို့ရေးဆွဲခဲ့တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ ဒီဥပဒေကို ပြန်ပြင်ဖို့ နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသား
ပြည်သူတွေနဲ့အတူ ရေးဆွဲဖို့တာဝန်ရှိပါတယ်”ဟု အနိုင်ရပါတီဝင်ဖြစ်သည့် ဦးခွန်ထွန်းဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးများ
အတွက် အဓိက ပါဝင်သွားရန်ရှိပြီး ၎င်းတို့သက်ဆိုင်ရာ ပါတီ အနေဖြင့်လည်းကောင်း ၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများ အဖြစ်လည်းကောင်း
အလျဉ်းသင့်သလို ပူးပေါင်းသွားမည်ဟု အမတ်များက ဆိုသည်။

“အခြေခံဥပဒေကိုကြည့်ရင် တစ်ခုမကျန်ပြင်ရမယ့် အချက်တွေ ချည်းပဲ။ ဒါပေမယ့် အရင်ဆုံး ပြုပြင်ရမယ်ပြီးရင် အသစ်ရေးဖို့ကိုလည်း
သဘောတူညီထားရမယ်” ယင်းပွဲသို့ တက်ရောက်လာသူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် မှ ဦးခွန်မြင့်ထွန်းက ပြောသည်။

စစ်အစိုးရ လက်ထက် က ၂၇ မေ ၁၉၉၀ တွင် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို
လွှတ်တော်ခေါ်ယူဖွဲ့စည်း လွှဲပြောင်းခြင်းမရှိခဲ့ပေ။

အခမ်းအနားတွင် ကြေညာချက် ၁/၉၀ ကိုထုတ်ပြန်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ရေးဆွဲရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်ဟုကြေညာခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ကျောင်းသားများ ပူးပေါင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တစ်နိုင်လုံးအတိုင်းအတာ
လက်မှတ်ရေးထိုးပွဲကို မေ ၂၇ ရက်မှ စတင်လုပ်နေပြီဖြစ်သည်။

Mizzima Burmese