ဗန်းမောက်မြို့နယ်တွင် ကူးဆက်ရောဂါကျရောက်မှုကြောင့် နွားများသေဆုံးလျက်ရှိ

ပို့စ်တင်ချိန် - 5/08/2014 10:33:00 AM


သတင်း၊ ကိုတိုးကြီး
ဗန်းမောက်၊ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် တိရစ္ဆာန်ကူးဆက်ရောဂါဖြစ်ပွားမှုကြောင့်် နွားများသေဆုံးလျက်ရှိကြောင်း မြို့နယ်တိမွေးကုဌာနရုံးမှ သိရသည်။
မေလ ၅ ရက်နေ့က တစ်နေ့တည်းတွင် အဆိုပါ ကူးဆက်ရောဂါကြောင့် နွား(၈)ကောင်သေဆုံးခဲ့ရကြောင်း မံစီကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် ထွန်းလင်းခိုင်မှ ဒေသတွင်းထူးခြားဖြစ်စဉ်သတင်းတစ်ရပ်အရ မြို့နယ်ထွေ အုပ်ရုံးသို့ တင်ပြထားသည်။
“ ကျောက်တန်းကျေးရွာမှာ နွား(၆)ကောင်၊ မန်ကျည်းကုန်းကျေးရွာမှာ(၁)ကောင်နဲ့ မံစီးကျေးရွာမှာ(၁) ကောင် စုစုပေါင်းနွား(၈)ကောင် သေဆုံးခဲ့ရပါတယ်..” ဟု မံစီကြီး နယ်မြေရဲစခန်းမှ အတည်ပြုပြောကြားခဲ့ သည်။
အဆိုပါ ဒေသတွင် နွားသေဆုံးမှု ဆက်လက်မဖြစ်ပွားစေရန် မြို့နယ် တိမွေးကုဌာန ဒုဦးစီးမှူး ဒေါက်တာ ဦး သိန်းစိုးနှင့် ဦးခင်မောင်ဌေးတို့သည် ထိုဒေသများသို့သွားရောက်၍ နွားများအား ကာကွယ်ဆေးထိုးပေးခြင်း များ ဆောင်ရွက်ပေးလျက်ရှိသည်။
ကူးဆက်ရောဂါ၏ အမည်နှင့်အမျိုးအစားကို တိကျစွာ ဖော်ထုတ်ပြောဆိုနိုင်ရန် သေဆုံးနွားများ၏ အသားစ နမူနာများကို မြို့နယ်တိမွေကုဌာနမှ ဓာတ်ခွဲစမ်းသပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ သေဆုံးနွားများ အား မံစီကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ရပ်မိရပ်ဖများမှ စုပေါင်းလုပ်အားဖြင့် စနစ်တကျမြေမြုတ် စွန့်ပစ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း