ထိုင်းအိမ်စောင့်အစိုးရ ပြုတ်ကျရေး ဆက်လုပ်မည်ဟု ဆန္ဒပြခေါင်းဆောင်ပြော

ပို့စ်တင်ချိန် - 5/21/2014 03:24:00 PM

အစိုးရဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုဘန်

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ သပိတ်စခန်းချထားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်ထားပေမယ့် လက်ရှိ အိမ်စောင့်အစိုးရ ပြုတ်ကျရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုဘန်က အိမ်စောင့်အစိုးရ ပြုတ်ကျအောင် လုပ်မယ်လို့ ဒီနေ့ ကတိပြုခဲ့တာပါ။

သူ့ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကလည်း စီစဉ်ထားတဲ့အတိုင်း ပြည်သူ့အစိုးရ ပြည်သူ့ဝန်ကြီးချုပ် ရတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကတိပြုလိုက်ကြပါတယ်။

သူတို့ဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို သစ္စာခံသူတွေက နိုင်ဖို့ ပုံစံထုတ်ထားတဲ့ ဖေဖော်ဝါရီ ရွေးကောက်ပွဲကို နှောင့်ယှက်ခဲ့ကြပြီး နောက်ပိုင်းမှာ အဲဒီရွေးကောက်ပွဲရလဒ်က ပျက်ပြယ်ခဲ့ပါတယ်။

နိုင်ငံတွင်း လမ်းပေါ်ထွက်ဆန္ဒပြမှုတွေကြောင့် အစိုးရလုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တာ ၆ လကြာအပြီး ထိုင်းစစ်တပ်က မနေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုတော့ မဟုတ်ဘူးလို့ ထိုင်းစစ်တပ်က ကြေညာပါတယ်။

အာဏာသိမ်းခံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ပံ့ပိုးသူတွေ ဦးဆောင်တဲ့ အိမ်စောင့်အစိုးရကတော့ တိုင်းပြည်ကို သူတို့ ဆက်လက်အုပ်ချုပ်ဆဲလို့ ပြောပါတယ်။

အခြေခံဥပဒေခုံရုံးက ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ သူ့အစိုးရအဖွဲ့ဝန်ကြီး ၉ ဦးကို အာဏာအလွဲသုံးစားမှုနဲ့ ရာထူးက နုတ်ထွက်ဖို့ မေလ ၇ ရက်က တရားစီရင်အပြီး ထိုင်းနိုင်ငံရေးက ပိုပြီး မရေမရာ ဖြစ်လာခဲ့ပါတယ်။

အိမ်စောင့်အစိုးရအဖွဲ့က ထပ်ရွေးချယ်တဲ့ ၀န်ကြီးချုပ်ဟာလည်း သက်ဆင်မိသားစုပိုင် ရှင်းကော်ပိုရေးရှင်းရဲ့ အမှုဆောင်ဟောင်း ဖြစ်ခဲ့သူပါ။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ သူ့ရဲ့ သစ္စာခံတွေဟာ ၂၀၀၁ ခုနှစ်က စပြီး ထိုင်းနိုင်ငံတွင်း ရှိသမျှ ရွေးကောက်ပွဲတိုင်းကို နိုင်ခဲ့ပါတယ်။

ဒါကြောင့် ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက နိုင်ငံရေးအတွင်း သက်ဆင်ရဲ့ သြဇာလွှမ်းမှုကို အပြီးတိုင် ဖယ်ရှားချင်နေပြီး ဘက်မလိုက် ၀န်ကြီးချုပ် တယောက်ကို ခန့်အပ်ချင်နေကြပါတယ်။

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ် ပရာယုသ် ချန်အိုချာကတော့ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသူတွေ ရဲ့ ယုံကြည်မှုတည်ဆောက်ဖို့နဲ့ တရားဥပဒေစိုးမိုးမှု ပြန်ရဖို့ စစ်တပ်က တာဝန်ယူပြီး လက်နက်ကိုင်သူ အရပ်သားတွေကို ထိခိုက်စေသူ ဘယ်သူ့ကိုမဆို စစ်တပ်က အရေးယူမယ်လို့ သတိပေး ထားပါတယ်။ ဒါ့အပြင် စစ်တပ်နဲ့ ရဲက လွဲလို့ နိုင်ငံတွင်း ဘယ်သူမှ လက်နက် မကိုင်ရလို့လဲ အမိန့်ထုတ်ခဲ့ပါတယ်။ နိုဝင်ဘာလက စတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ အပေါ် အကြမ်းဖက်မှုတွေကြောင့် လူ ၂၈ ယောက် သေဆုံးခဲ့ပြီး အယောက် ၇၀၀ ကျော် ဒဏ်ရာရခဲ့တာပါ။

တယ်လီကွန် သူကြွယ်ကြီး သက်ဆင်နဲ့ ယင်လခ် ရှင်နာဝပ် မောင်နှမ တွေကို ထောက်ခံသူတွေနဲ့ ဘုရင်စနစ်ကို သစ္စာခံသူတွေကြား ဆယ်စုနှစ်တခုလောက်ကြာအောင် အာဏာ လွန်ဆွဲပွဲကြောင့် ထိုင်းနိုင်ငံတွင်း ပြည်တွင်းစစ်ဖြစ်လာမှာ ကြောက်ရွံ့မှုတွေ တိုးလာခဲ့ပါတယ်။

DVB Burmese