ကျေးလက်လူဦးရေ ၃၀ ရာခိုင်နှုန်းသာရှိသော ရန်ကုန်တိုင်းဒေသကြီး၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် ယခုဘဏ္ဍာနှစ်တွင် ကျပ် သန်း ၁၉၀၀ သုံးစွဲမည်

ပို့စ်တင်ချိန် - 5/04/2014 05:05:00 PM


Written by: ကျော်ထင်

ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ခုအား ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)

ကျေးလက်လူဦးရေ ၃၀ ရာခိုင်နှုန်းသာရှိသော ရန်ကုန်တိုင်းဒေသကြီး၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် သန်း ၁၉၀၀ သုံးစွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ယခုဘဏ္ဍာနှစ်အတွက် ကျပ်သန်း ၁၀၀၀ ရရှိထားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သာမာန်အသုံးစရိတ်တွင် ကျပ်သန်း ၉၀၀ ကို ထည့်သွင်းလျာထားခြင်းကြောင့် စုစုပေါင်း ကျပ်သန်း ၁၉၀၀ လျာထားခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့ပြလူဦးရေ ၇၀ ရာခိုင်နှုန်းနှင့် ကျေးလက်လူဦးရေ ၃၀ ရာခိုင်နှုန်းသာ ရှိသည့်အတွက် အဆိုပါကျေးလက်ဒေသရန်ပုံငွေများကို ကျေးလက်လူဦးရေ ၃၀ ရာခိုင်နှုန်းအတွက်သာ သုံးစွဲနေမည်ဆိုပါက မမျှတသည့်အနေအထား ဖြစ်နေကြောင်း၊ မြို့ပြဒေသတွင်လည်း ဆင်းရဲနွမ်းပါးမှုများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြသည်။

“ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရန်ပုံငွေ ၁၀၀ ရာခိုင်နှုန်းကို ကျေးလက်ဒေသပြည်သူ ၃၀ ရာခိုင်နှုန်းအတွက်ပဲ သုံးနေမယ်ဆိုရင် မြို့ပြမှာရှိတဲ့ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေအတွက် တရားမျှတမှု ရှိရဲ့လား။ မေခွန်းထုတ်စရာဖြစ်နေပါတယ်။ မြို့ပြမှာလည်း ဆင်းရဲနွမ်းပါးမှုတွေ ရှိနေပါတယ်။ အာဟာရချို့တဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါး သက်ကြီးဘိုးဘွားတွေ အများကြီးရှိပါတယ်”ဟု ဗဟန်းမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ထို့ကြောင့် အဆိုပါရန်ပုံငွေများကို ကျေးလက်ဒေသ ၃၀ ရာခိုင်နှုန်းအတွက် မည်သို့မည်ပုံ သုံးစွဲနေသည်ကို စိစစ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က စောင့်ကြည့်ရေးကော်မတီတစ်ခု မဖြစ်မနေဖွဲ့စည်းပေးရန် လိုအပ်လျက်သော်လည်း ယင်းကော်မတီကို ဖွဲ့စည်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက သဘောမတူခဲ့ကြောင်း ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ဘတ်ဂျက်တွင် မပါဝင်သော မဆောင်ရွက်ပေးနိုင်သော ကျေးလက်နေပြည်များအတွက် အမှန်တကယ် လိုအပ်သည့် ရေရှိရေး၊ လမ်းတံတားများတည်ဆောက်ရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများတွင် အဓိကသုံးစွဲသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌများ၊ ကျေးရွာနေပြည်သူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှ တင်ပြလာသော လုပ်ငန်းများနှင့် တိုင်းဒေသကြီးဝန်ကြီးများမှ ကွင်းဆင်းစစ်ဆေး၍ တင်ပြလာသော လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြညှိနှိုင်းဆွေးနွေး၍ စိစစ်ကာဆောင်ရွက်ပေးသင့်သည့် လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို အမှန်တကယ် အထောက်အကူဖြစ်စေမည့် လုပ်ငန်းများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ဆိုသည်။

Eleven Media